ပြည်တွင်းပစ်ခတ်ရပ်စဲသော်လည်း ဒုက္ခသည်များ နေရပ်ပြန်နေဖို့ မဖြစ်နိုင်သေး- ကရင်နီဒုက္ခသည် ပင်မကော်မီတီဥက္ကပြော

ပြည်တွင်းပစ်ခတ်ရပ်စဲသော်လည်း ဒုက္ခသည်များ နေရပ်ပြန်နေဖို့ မဖြစ်နိုင်သေး- ကရင်နီဒုက္ခသည် ပင်မကော်မီတီဥက္ကပြော
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းအတွက် ပြည်တွင်းသွားရေး၊ လာရေးလွယ်ကူစေတဲ့အခြေအနေကလွဲလို့ နယ်စပ်ဒုက္ခသည်တွေ ဌာနေဟောင်းသို့ပြန် လည်အခြေချနေထိုင်နိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ကရင်နီဒုက္ခသည် ပင်မကော်မီတီကပြောဆိုပါတယ်။

လာမည့်ဇွန်လ ၂၀ရက်နေ့မှာကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ကရင်နီအမှတ်-၁ဒုက္ခသည်စခန်းမှာ ယနေ့အကြို ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ KnRC ပင်မကော်မီတီ ဥက္ကဌ ဆရာမန်းစောက ယခုလိုပြောဆိုလိုက်တာပါ။

“လက်ရှိ အခြေအနေကို ကျတော်တို့ ကြည့်လိုက်လို့ှရှိရင် သွားရေးလာရေးလွယ်ကူတာ ကလွဲလို့ ကျန်တဲ့လူမှု ရေး၊ ပညာရေး၊ ကျန်းမာရေး ၊တရား ဥပဒေစိုးမိုးရေး ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေပါသေးတယ်။ ဒါကြောင့် တကယ့် ပြည်တွင်း ငြိမ်းချမ်းရေးက မရရှိသေးပါဘူး။”

၂၀၁၂ ခုနှစ် မတ်လ ရ ရက်နေ့မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPနဲ့ အစိုးရတို့အကြား ပြည်နယ်အဆင့်တွေ့ ဆုံပွဲမှာ နှစ်ဦးနှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီး ဇွန်လ ၉ ရက်နေ့ ပြည်ထောင်စုအဆင့်တွေ့ဆုံပွဲမှာ KNPP ဘက်မှတင်ပြထားတဲ့အချက် ၂၀ ထဲမှ ၁၄ ချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

စစ်သင်တန်းကွင်းတည်ဆောက်မှုကိစ္စရပ်များအပါအဝင် တပ်နေရာချထားရေး ကိစ္စရပ်တွေကို လာမည့်တွေ့ဆုံ ဆွေး နွေးပွဲမှာ ဆက်လက်ဆွေးနွေးဖို့သဘောတူထားကြပါတယ်။

KNPPနဲ့အစိုးရအကြား အပစ်ခတ်ရပ်စဲရေးသဘောတူထားကြတာ ၂နှစ်နီးပါးရှိနေပြီဖြစ်တဲ့အခြေအနေ အောက်မှာ နယ်စပ်က ဒုက္ခသည်အချို့ ဌာနေဟောင်းသို့ပြန်လည် အခြေချနေထိုင်ဖို့ ဆန္ဒရှိနေကြသလို လက်ရှိ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို အပြည့်အဝအယုံအကြည် မရှိသေးတဲ့ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

အပစ်ခတ်ရပ်ကာလအတောအတွင်း ပြည်တွင်းရဲ့အခြေအနေကို ပြန်ရောက်လေ့လာခဲ့တဲ့ ကရင်နီဒုက္ခသည် တဦးက ယနေ့အကြိုကျင်းပတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ယခုလိုပြောပါတယ်။

“ယခုလက်ရှိအနေအထားအရဆိုရင် မြန်မာနိုင်ငံကို ကိုယ့်သဘောနဲ့ကို ပြန်လည်နေထိုင်မယ်ဆို ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့နော်။ လုပ်ကိုင်စားသောက်ဖို့ က လည်းမရှိသေးဘူး။ ပြင်ဆင်ပေးထားတယ်ဆို တာကလည်း ဘာမှ တိတိကျကျမရှိသေးဘူး။”

အကြိုကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အခမ်းအနားကို ကုလသမဂ္ဂဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၊ နိုင်ငံတကာအဲန်ဂျီအိုများ၊ လူမှုအခြေပြုအဖွဲ့အစည်းများနဲ့ဒုက္ခသည်ပေါင်း ၁၀၀၀ တက်ရောက်ခဲ့ကြပါတယ်။ UNHCR ရဲ့ ပြောပြချက်အရ ပျှမ်းမျှအားဖြင့် ၂၁ မိနစ်သော အချိန်တိုင်း ကမ္ဘာပေါ်မှာ ဒုက္ခသည်တဦးဖြစ် ပေါ်နေရပါတယ်။

“ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေမရှိသင့်တော့ပါဘူး။ ကျနော့အနေနဲ့လည်း ပဋိပက္ခတွေ၊ ဖိစီးနှိပ်စက်မှု တွေ မရှိတော့တဲ့ နေ့တွေကို မျှော်လင့်နေပါတယ်။ ဆိုတော့ ဒုက္ခသည်တွေလည်း ထပ်ဖြစ်လာ ဖို့ဆိုတာ မရှိတော့ဘူးပေါ့။”လို့ ကမ္ဘာ့ဒုက္ခသည်များနေ့နဲ့ ပတ်သက်ပြီး UNHCR မှ ကာကွယ်ရေးအရာရှိ Mr.Naeem J. Durrani ကပြောပါတယ်။

စစ်အစိုးလက်ထက်က ပြည်တွင်းစစ်ကြောင့် တခြားသောမြန်မာတိုင်းရင်းသားဒုက္ခသည်များနည်းတူ ကရင်နီတိုင်းရင်းသား မိသားစုဝင်များ တကွဲတပြားစီဖြစ်ခဲ့ကြရပြီး ယနေ့ဆို ထိုင်းနိုင်ငံမယ်ဟောင်ဆောင် ခရိုင်းအတွင်းက အမှတ်-၁နဲ့အမှတ်-၂ဒုက္ခသည်စခန်းမှာ ကရင်နီဒုက္ခသည် ဦးရေ (၁၆၃၈၇ ဦး) ရှိနေပါတယ်။

Most read this week