ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ရန်ကုန်တွင် ပထမအကြိမ်တွေ့ဆုံကာ နိုင်ငံရေးပြဿနာများ အဖြေရှာရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စများ ဆွေးနွေးမည်ဟု RCSS/SSA ငြိမ်းချမ်းရေးဆွေနွေးရေးအဖွဲ့ဝင်၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှက မဇ္ဈိမကို ပြောသည်။
''အဓိက ကတော့ မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာများကို ကျွန်တော်တို့ ဘယ်လိုပူးပေါင်းဆောင်ရွက် သွားမလဲ။ နိုင်ငံတော် အစိုးရကနေခင်းကျင်းပေးတဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ကျွန်တော်တို့ ဘယ်လိုပူးပေါင်း ပါဝင်ကြမလဲဆိုတာ အကောင်းဆုံးဖြစ်လာအောင် ဆွေးနွေးဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်'' ဟု ဦးစိုင်းလှက ပြောသည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုလည်း အကျယ်တဝင့်ဆွေးနွေးရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့တွင်တစ်ရက်၊ နှစ်ရက်အတွင်းတွေ့ဆုံရန် ရည်ရွယ်ထားသော်လည်း
တွေ့ဆုံမည့်ရက်၊ နေရာနှင့် အချိန်တို့ကို အတိအကျ မဆွေးနွေးရသေးကြောင်း SNLD ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ပြောသည်။
ထို့အပြင် နိုင်ငံရေးပြဿနာများနှင့် ငြိမ်းချမ်းရေးနည်းလမ်းဖြေရှင်းရန် ပင်လုံကဲ့သို့ တိုင်းရင်းသား အားလုံး ပါဝင်သော ညီလာခံကြီး တစ်ခုကျင်းပရန် အစိုးရ၏ပြောဆိုချက်တွင် RCSS/SSA နှင် SNLD ပါတီတို့ အနေဖြင့် မည်သည့် အခန်းကဏ္ဍက ပါဝင်နိုင်မည်ကိုလည်း ယခုတွေ့ဆုံပွဲတွင် ဆွေးနွေးသွားမည်ဟု ဦးစိုင်းလှကဆက်ပြောသည်။
''မတည်ငြိမ်မှုတွေ၊ စစ်ပွဲတွေ လျှော့ချနိုင်ဖို့နဲ့ ပြည်သူလူထုခံစားနေရတဲ့ စိုးရိမ်ကြောင့်ကြမှုတွေ လျော့အောင် ဘယ်လို လုပ်ကြမလဲဆိုတဲ့ ပြဿနာတွေကို ပူးပေါင်းပြီးအဖြေရှာဖို့လိုလားပါတယ်''ဟု ဦးစိုင်းလှက ပြောသည်။
RCSS/SSA သည် ရန်ကုန်မြို့တွင် လေးရက်ခန့်နေထိုင်မည်ဖြစ်ပြီး SNLD ပါတီ အပြင် အခြားတိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံလိုသည်ဟု ဦးစိုင်းလှက ပြောကြားသည်။