မြန်မာ စစ်တပ် နယ်စပ် တလျှောက်တွင် မြေမြုပ် မိုင်းထောင်နေဟု ဘင်္ဂလာဒေချ့် စွပ်စွဲ

မြန်မာ စစ်တပ် နယ်စပ် တလျှောက်တွင် မြေမြုပ် မိုင်းထောင်နေဟု ဘင်္ဂလာဒေချ့် စွပ်စွဲ
by -
နိရဥ္စရာ

မြန်မာ- ဘင်္ဂလာနယ်စပ် တလျှောက်တွင် မြန်မာဘက်မှ မြေမြုပ်မိုင်းများ ထောင်နေကြောင်း ဘင်္ဂလာဒေချ့် အာဏာပိုင်များက စွပ်စွဲလိုက်သည်။

ယနေ့ထုတ် ဘင်္ဂလာဒေချ့် သတင်းစာများတွင် အဆိုပါ သတင်းအား ပုံနှိပ်ဖေါ်ပြရာ မြန်မာ စစ်တပ်သည် နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖေါက်ပြီး နယ်စပ်တလျှောက်တွင် မြေမြုပ်မိုင်းများ ထောင်နေကြောင်း ပြောဆိုသည်။

နယ်စပ် မိုင်တိုင် အမှတ် ၃၉ နှင့် ၄၀ အကြားတွင် နယ်စပ်မျဉ်းမှ ကီလိုမီတာ ရ၀ အတွင်းတွင် မြန်မာ စစ်တပ်မှ မြေမြုပ်မိုင်းများကို ထောင်ထားပြီး အလားတူ မိုင်တိုင် အမှတ် ၃၇ နှင့် ၃၈ အကြားတွင်လည်း နယ်စပ်မျဉ်းမှ ကိုက် ၁၀၀ အတွင်း မြေမြုပ်မိုင်းများ  တောက်လျှောက် ချထားနေသည်ဟု ပြောသည်။

နိုင်ငံတကာ၏ စည်းမျဉ်း စည်းကမ်းအရ နယ်စပ် စီရိုမျဉ်းမှ ၁၅၀ ကိုက်အတွင်း မြေမြုပ်မိုင်းများကို ချထားခွင့် မပြုဟု ဘင်္ဂလာဒေချ့် အာဏာပိုင်များက ဆိုသည်။ ၎င်းပြင် မြန်မာနှင့် ဘင်္ဂလာဒေချ့် အကြား သဘောတူညီမူကိုလည်း ချိုးဖေါက်ရာ ရောက်သည်ဟု ပြောသည်။

ဘင်္ဂလာဒေချ့်ဘက်မှ နယ်စပ်တွင် မိုင်းများ ချထားနေခြင်းနှင့် ပတ်သက်ပြီး မြန်မာဘက်သို့ အကြောင်းကြားသော်လည်း မြန်မာဘက်မှ တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိကြောင်း နယ်ခြားစောင့်တပ်ဖွဲ့၏ ဦးစီးချုပ် ဗိုလ်မှူးချုပ် အာဇစ် အာမတ် ( Aziz Ahmed) က ပြောသည်။

သို့အတွက် ယခုအခါ အဆိုပါ မြေမြုပ်မိုင်း ကိစ္စကို ဘင်္ဂလာဒေချ့် အစိုးရကို အသိပေး ပြောကြားလိုက်ပြီး နှစ်နိုင်ငံ အတွင်း ယခု ပြဿနာအား သံတမန်နည်းအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုလိုက်သည်ဟု ဆိုသည်။

လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်မည့် နှစ်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အတွင်းရေးမှူး အဆင့် ဆွေးနွေးပွဲတွင် အဆိုပါ မိုင်းကိစ္စအား ဘင်္ဂလာဒေချ့် ကိုယ်စားလှယ်များက တင်ပြသွားမည်ဟု ဆိုသည်။

ယခု မြန်မာ စစ်တပ်မှ မိုင်းထောင်နေသော နယ်မြေများမှာ မြန်ဘက်မှ မောင်တောမြို့နယ် မြောက်ပိုင်းတွင် တည်ရှိပြီး ဘင်္ဂလာဒေချ့်ဘက်ခြမ်းတွင် ခေါင်းတုံးနယ်မြေတွင် တည်ရှိကြောင်း နိရဥ္စရာက စုံစမ်း သိရှိရသည်။

Most read this week