သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် အဖွဲ့တို့ ဂျွန်လ ၁၀ ရက်နေ့ နေပြည် တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးပြီးနောက် မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ တုန်ကပူရီ ဟော်တယ်၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ သတင်းထောက်များ၏ အမေး များကို ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် က ဖြေကြားသွားပါတယ်။
မေး။ ။ UWSA ဝ တပ်က ဝ ပြည်နယ် ထူထောင်ဖို့ တောင်းဆိုနေတာ ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ ဒါကတော့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်းပါဘဲ။ ကျနော်တို့ ဘာမှ မပြောနိုင်ပါဘူး။
မေး။ ။ RCSS/SSA နေပြည်တော်ကိုလာတာ အစိုးရနဲ့ပူးပေါင်းပြီး ဝ တပ်ကို တိုက်ဖို့လည်း သတင်း ထွက်နေတယ်။ ဘာပြောလိုပါသလဲ။
ဖြေ။ ။နေပြည်တော်ကို လာတာ RCSS/SSA အတွက်ဘဲ မဟုတ်ဘူး။ သျှမ်းပြည်တပြည်လုံးအတွက် ဖြစ် တယ်။ ဝ တပ်လည်း ပါတယ်။ ကျနော်တို့ မြန်မာစစ်တပ်နဲ့ပေါင်းပြီး ဝ တပ်ကို တိုက်ဖို့ မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်မပူပါနဲ့။
မေး။ ။ အမှတ် ရ၀၁ စစ်ဒေသနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြောချင်ပါသလဲ။
ဖြေ။ ။ ဒီကိစ္စနဲ့ ပတ်သက်ရင် ကျနော်လည်း ဝမ်းနည်းတယ်။ ဒီလိုဖြစ်လာတာ အကြောင်းရင်း ၂ ခု ရှိတယ်။ နံပါတ်တစ်က ဆက်ဆံရေးရုံးရှိပေမဲ့ အသုံးချခွင့်မရခဲ့ဘူး။ နံပါတ်နှစ်က စောင့်ကြည့်တဲ့အဖွဲ့ မရှိဘူး။ တကယ်လို့ စောင့်ကြည့်တဲ့အဖွဲ့ ရှိမယ်ဆိုရင် ဒီလိုမဖြစ်လာအောင် တားဆီးနိုင်မယ်။
မေး။ ။ တရုတ်က ဖိအားပေးလို့ နေပြည်တော်ကို လာတာလား။
ဖြေ။ ။ မဟုတ်ပါဘူး။ ဘယ်သူမှ ဖိအားပေးတာ မရှိပါဘူး။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီ UPWC က ဖိတ်ခေါ်လို့ လာတာပါ။
မေး။ ။ အစိုးရက ပါတီထူထောင်ဖို့ တိုက်တွန်းတယ်လို့ သိရပါတယ်။ ပါတီထူထောင်မှာလား။
ဖြေ။ ။ ပါတီထူထောင်ဖို့ ကျနော်တို့ မစဉ်းစားသေးပါဘူး။ အရင်ဆုံး နိုင်ငံရေး ဆွေးနွေးပြီး နားလည်မှု ရယူပြီးမှ စဉ်းစားမှာ ဖြစ်ပါတယ်။
မေး။ ။ UNFC နဲ့ ပူးပေါင်းလုပ်ဆောင်တာတွေရှိလား။
ဖြေ။ ။ ကျနော်တို့က UNFC အဖွဲ့ဝင် မဟုတ်ပါဘူ။
မေး။ ။ UNFC က တိုင်းရင်းသားအားလုံးကိုယ်စား လုပ်ဆောင်မယ်လို့ ပြောတယ်။ ဒါဆို RCSS/SSA က တကိုယ်တည်း သတ်သတ် လုပ်ဆောင်မှာလား။
ဖြေ။ ။ ကျနော်တို့ကတော့ သျှမ်းပြည်ရှိအဖွဲ့အစည်းတိုင်း၊ သျှမ်းပြည်သူတွေ၊ သျှမ်းပြည်ရှိ တိုင်းရင်း သားအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး လုပ်ဆောင်မယ်။ သူ့တို့ရဲ့ ဆန္ဒအတိုင်း လုပ်မယ်။ သျှမ်းပြည် တိုင်းရင်းသား ပြည်သူတွေနဲ့ ဆွေးနွေးပြီး အစိုးရနဲ့ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်လာရင် UNFC နဲ့ လက် တွဲပြီး လုပ်ဆောင်ဖို့ လူထုတောင်းဆိုလာရင် ဘာပဲဖြစ်ဖြစ် UNFC နဲ့ သွားရမှာဘဲ။
မေး။ ။ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အခုနောက်ထပ်တခါ လာရောက်ဆွေးနွေးတာကြောင့် နားလည်မှု ရရှိတယ်။ ဒါကြောင့် ကျနော်တို့ ပြန်သွားရင်တော့ တိုက်ပွဲတွေ လျှော့နည်းလာမယ်လို့ ယုံကြည်တယ်။
မေး။ ။ ရန်ကုန်ကို သွားအုံးမယ်လို့ ကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါသလား။
ဖြေ။ ။ ကျနော်တို့ တွေ့ဆုံချင်ပါတယ်။ ကျနော်တို့ သတင်းတွေထဲမှာဘဲ တွေ့ဖူးတယ်ဆိုပေမဲ့ သူမ ဟာ ဒီမိုကရေစီထူထောင်ချင်တဲ့သူဖြစ်တယ်။ သူမကိုလည်း လေးစားပါတယ်။
မေး။ ။ စစ်တပ်နဲ့ပတ်သက်ရင် ဘယ်လိုလုပ်ဆောင်ချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က ဖက်ဒရယ်ယူနီယမ် ထူထောင်ဖို့ ရည်ရွယ်နေပြီးပြီ။ စစ်တပ်ဆိုရင်လည်း ဖက်ဒရယ် ဖြစ်သင့်တယ်။ ဒါကို ရည်ရွယ်ထားပါတယ်။
ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ဦးဆောင်တဲ့ RCSS/SSA ဟာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးသို့ သွားရောက် ဖို့ ရှိတယ်လို့ ဆိုပါတယ်။