သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် မှ ခရိုင်ရုံးခွဲ ဖွင့်ပွဲ အပြီး SNLD ခေါင်းဆောင်ခွန်ထွန်းဦးအား သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် က သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု သျှမ်းပြည်တပ်မတော်ဘက်မှ လိုက်ပါသူ တဦးကပြော ပါသည်။
“ မွန်းတည့်ချိန်လောက်မှာ စဝ်ယွက်စစ်ဦးဆောင်တဲ့ ကျနော်တို့အဖွဲ့ ဥက္ကဌကြီးခွန်ထွန်းဦးကို သွားရောက် တွေ့ဆုံဂါရဝ ပြုပါတယ်။ သူတို့ရုံးခွဲအသစ်ရှိရာ တောင်ကော့နိုင်း ရပ်ကွက်ထဲမှာပါ။ အလွတ်သဘော တွေ့ဆုံနှုတ်ဆက်ရုံသက်သက်ဖြစ်ပါတယ်။ အထူးအထွေဆွေးနွေးတာတော့မရှိပါဘူး။ ခွန်ထွန်းဦးနဲ့ ကျနော်တို့ RCSS ဥက္ကဌကြီး နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပါတယ်” ဟု လိုက်ပါသူ စဝ်ပင်ခမ်းကပြောပါသည်။
ယမန်နေ့က တာချီလိတ်မြို့နယ်တောင်ကော့နိုင်းရပ်ကွက်၌ SNLD ရုံးခွဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံလူထု ၄၀၀ ကျော်တက်ရောက်အားပေးခဲ့ကြောင်းသိရသည်။
ဥက္ကဌကြီးခွန်ထွန်းဦး နှင့်အတွင်းရေးမှူး စိုင်းညွန့်လွင် ၊ တွဲဖက်အတွင်းရေးမှူး စိုင်းလိတ်တို့ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်ဟုဆိုပါသည်။
“ တာလေ မုံးလိန်းဘက်က လားဟူ အခါ အဖွဲ့လဲလာရောက်အားပေးတယ်။ နောက်ပြီးတော့ ဒီတာချီ လိတ်ထဲမှာရှိတဲ့ တခြားပါတီတွေကလဲလာရောက်အားပေးတယ်။ နာမည်ကြီးအဆိုတော့ စိုင်းဆိုင်မောဝ် နဲ့ သူ့အစ်ကို စိုင်းလောဝ်ဆိုင်တို့လဲလာတယ်။ စည်စည်ကားကားပါဘဲ။ ဖွင့်ပွဲမှာ ဥက္ကဌကြီး ခွန်ထွန်းဦး ကတော့ - ပင်လုံကတိအကြောင်းပြောတယ်။ တပြည်လုံးနဲ့ အပစ်ရပ်နိုင်ဖို့ ပြောတယ်။ နောက်ပြီး ခွန်ထွန်းဦးက သျှမ်းနိုင်ငံရေးသမားတွေကို စီးပွါးရေးသာအဓိက လို့ခံယူထားရင် နိုင်ငံရေးလောက ထဲမဝင်လာဖို့ - တိုက်တွန်းသွားတယ်” ဟု ဖွင့်ပွဲတက်ရောက်သည့် တာချီလိတ်ဒေသခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။