အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး KNU ပါတီပြန်ထောင်ပါက ပူးပေါင်း ကူညီမည်ဟု KPP ဥက္ကဌ ပြောဆို

အစိုးရနှင့် ငြိမ်းချမ်းရေးယူပြီး KNU ပါတီပြန်ထောင်ပါက ပူးပေါင်း ကူညီမည်ဟု KPP ဥက္ကဌ ပြောဆို
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရပြီးနောက် ပါတီ ပြန် ထောင်မည်ဆိုပါက (လိုအပ်လျင်) ကရင်ပြည်သူ့ပါတီ (KPP)ကို ဖျက်သိမ်း၍ ပူးပေါင်းသင့်က ပူးပေါင်းပေး မည်ဖြစ်ကြောင်း ပါတီဥက္ကဌ စောထွန်းအောင်မြင့် ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို ့နယ် အာဇာနည်လမ်းနှင့် အမှတ်(၄) လမ်းမဆုံရှိ KPP ရုံးချုပ်၌ ယမန်နေ့ကကျင်းပ သည့် သုံးနှစ်မြောက်ပါတီနှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ၎င်း၏သဘောထား ကို ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အားလုံးသိအောင်ပြောမယ်။ ကျနော်တို့ KNU သည် တစ်ချိန်က တစ်ခုတည်းသော ကရင်အမျိုးသားအတွက် နိုင်ငံရေးပါတီပါ။ ဒါကို ကျနော် လက်ခံတယ်။ အကယ်၍ သူတို့ ငြိမ်းချမ်းရေးလုပ်ပြီးလို့ရှိရင်၊ ပါတီလိုင်းကို ပြန်ဝင်လို့ရှိရင်၊ ကျနော် ၀ိုင်းကူလုပ်ပေး မယ်။ လိုအပ်လို့ရှိရင် KPP ကိုဖျက်ပြီးတော့ ပေါင်းသင့်ရင် ပေါင်းပေးမယ်။”ဟု ရန်ကုန်တိုင်းဒေသကြီး၏ ကရင်တိုင်းရင်းသားရေး ရာဝန်ကြီးတစ်ဦးလည်းဖြစ်သူ KPP ဥက္ကဌ စောထွန်းအောင်မြင့်က ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ကရင်တစ်မျိုးသားလုံးအတွက် အနစ်နာခံ လုပ်ကိုင်သွားသည့် အတွက် မိမိအနေဖြင့် ပြန်လည် အသိအမှတ်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းလင်းပြောဆိုသည်။

စောထွန်းအောင်မြင့်က “ဘာကြောင့် ကျနော် အဲ့လိုပြောလဲဆိုတော့ KNU နာမည်နဲ ့ကရင်တစ်မျိုးသားလုံး အတွက် အနစ်နာခံ ပြီးတော့ လုပ်သွားတဲ့နာမည်၊ ဒါကြောင့်မို့ ကျနော် ပြန်အသိအမှတ်ပြုတာ ဒီလိုပဲ ခံယူထားတယ်။ နောက်ပိုင်း KNU မဟုတ်ဘဲ တစ်ခြားနာမည် ပြောင်းချင်ပြောင်းပေါ့ဗျာ။ နာမည်ဘာပဲဖြစ်ဖြစ် ပေါ့။ လူတွေကတော့ ပေါင်းစည်းသွားမှာပေါ့။ သင့်တော်ရာ ဖြစ် သွားမှာပေါ့”ဟု ပြောကြားသည်။

22

လာမည့် ၂၀၁၅ တွင် ကရင်အမျိုးသားအစည်းအရုံးနှင့် အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပြီးမပြီး စောင့်ကြည့်ရ မည်ဖြစ်ပြီး ငြိမ်း ချမ်းရေးကို စောင့်နေ၍မရကြောင်း ပြောသည်။ ထို့အပြင် ၂၀၁၅  ရွေးကောက်ပွဲတွင် မိမိတို့လူမျိုး မနစ်နာစေရေးအတွက် KPP မှ ၀င်ရောက်ယှဉ်ပြိုင်ရရန် ယခုကတည်းက ပြင်ဆင်ထားရမည်ဖြစ် ကြောင်း မဲဆန္ဒနယ် အသီးသီးမှ တက်ရောက်လာသည့် ၎င်းတို့ ၏ ပါတီကိုယ်စားလှယ်များကို စောထွန်းအောင်မြင့်က သတိပေး ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ကရင်ပြည်သူ ့ပါတီ မြို ့နယ်စည်းရုံးရေး ကော် မတီဝင်တစ်ဦးက ယခုကဲ့သို ့ ပါတီအနေဖြင့် လိုအပ် ပါက ဖျက်သိမ်းပြီး ကရင်အမျိုးသားအစည်းအရုံးနှင့် ပူးပေါင်းမည်ဆိုခြင်းအပေါ် မိမိအနေဖြင့် ကန့်ကွက်ရန် မရှိကြောင်း ကေအိုင်စီသို့ ပြောဆိုသည်။

KPP ၏ သဘောထားနှင့် ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင် ပဒိုစောသမိန်ထွန်းက “ပဒိုစောထွန်း အောင်မြင့်က ကရင်အမျိုးသားတစ်ဦးအနေနဲ့ ပြောတဲ့ သူ့သဘောအယူအဆအပေါ် ၀မ်းသာပါတယ်။ ဒါပေမဲ့ ချက်ချင်းတော့ ပါတီထောင်လို့ မဖြစ်သေးဘူး။ ဗမာပြည် နိုင်ငံရေးအခြေအနေကြည့် ရမယ်။ ဖွဲ့စည်းပုံကိုလည်း ကြည့်ရအုံးမယ်။ ဒီကနေ့ စပ်ကူး မတ်ကူးကာလ မှာတော့ ရွေးကောက်ပွဲဝင်ဖို့ စောအုံးမယ်။ လွတ်လပ်ရေးမတိုင်မီ ဖဆပလခေတ်ကလို ဒီမိုကရေစီ အခွင့်အရေး ပေးပြီး လွတ်လပ်စွာ ရွေးကောက်ပွဲဝင်နိုင်တယ်ဆိုမှ လုပ်သွားလို့ရတယ်။ ကေအဲန်ယူရဲ့ တာဝန်က ကရင်အမျိုးသားတွေ တန်း တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုရှိပြီဆိုမှ တာဝန်ပြီးဆုံးမယ်။”ဟု ပြောသည်။

KPP ပါတီကို ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စသည့်ဒေသများတွင် နေထိုင်သည့်ကရင်လူမျိုး များ၏အရေးကို အဓိက ထား ဆောင်ရွက်ရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၁၀၊ မေ ၂၁ရက်နေ့ တွင် ပါတီမှတ်ပုံတင် အမှတ်(၉)အဖြစ် တရားဝင် တည်ထောင်ခွင့်ပြုခဲ့သည်။

ကရင်ပြည်သူ့ပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၁နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၆နေရာအနိုင်ရရှိခဲ့သလို လက်ရှိတွင် ပါတီဝင်အင်အား ၅၀၀၀ နီးပါး စည်းရုံးရရှိထားပြီးဖြစ်ကြောင်း သိရသည်။