ကချင်ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့တဲ့သွားသူများအတွက် ကူညီထောက်ပံ့ရန် စစ်ပွဲ နှစ်နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ရန်ပုံငွေရှာဖွေရေး အစီစဉ်များကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၉ ရက်နေ့က ပြုလုပ်ခဲ့ကြသည်။
မိုင်းဒဏ်ကြောင့် ခြေပြတ်၊ လက်ပြတ် ဖြစ်သွားသူပေါင်း ၄၀ ရှိရာမှ လတ်တလော ရ ဦးအတွက် ခြေတု၊ လက်တုများ တပ်ဆင်ပေးရန် ရန်ပုံငွေရှာဖွေပွဲ ပြုလုပ်ကျင်းပရခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ ကချင်လူမှုအသိုင်း အဝိုင်းမှပြောရေးဆိုခွင့်ရှိသူ ကိုလနူးနန် က ပြောသည်။
“ဒီ ၂ နှစ်ပြည့်တဲ့နေ့မှာ ဒုက္ခရောက်နေတဲ့လူတွေကို ကူညီဖို့ ဒီနေ့ အစီအစဉ်ကို ပြုလုပ်တာ ဖြစ်တယ်။ ဒုက္ခရောက်နေတဲ့ လူတွေထဲ ကနေ ခြေပြတ်၊ လက်ပြတ် လူတွေကို လက်တုခြေတု တပ်ပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားပြီး အလှူငွေရှာတာ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။
အခမ်းအနားပွဲသို့ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ဆုတောင်းဝတ်ပြု၊ ဒုက္ခသည်များအား ထောက်ပံ့ရန် KIO အလံပုံပါ တီရှပ်အင်္ကျီ ၁,၀၀၀၊ သီးချင်းခွေများ၊ စာအုပ်များ ရောင်းချခြင်းနှင့် အလှူငွေ ကောက်ခံခြင်းတို့ ဖြင့် ရံပုံငွေ ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။
ထိုအလှူငွေများကို လူမှုရေးအဖွဲ့အစည်းများ၊ အသင်းတော်များမှတဆင့် စစ်ပြေးဒုက္ခသည်များထံ လှူဒါန်း သွား မည်ဟု ကိုလနူးနန် က ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Payap တက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ အခမ်းအနားတွင် ဒုက္ခသည်များ ၏ အခြေအနေများကို ရှင်းပြပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
မြန်မာအစိုးရအဖြင့် ထိုးစစ်ဆင်မှုများ ရပ်တန့်၍ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှ တရုတ်နယ်စပ်ရှိ စစ်ပြေး ဒုက္ခသည် များအား လူသားချင်း စာနာထောက်ထားမှု အကူအညီများ တိုးမြင့်ထောက်ပံ့ရန်နှင့် တရုတ် အစိုးရအနေဖြင့် စစ်ပြေးဒုက္ခသည်များအား ဒုက္ခသည်များ အဖြစ် အသိအမှတ်ပြု၍ အခြေခံ လိုအပ်ချက်များ ကူညီရန် တောင်းဆိုလိုက်သည်။
အလားတူ ရန်ကုန်မြို့တွင်လည်း တိုက်ပွဲကြောင့် သေဆုံးသွားသူများအတွက် လွမ်းသူ့ ပန်းခွေများချခြင်း မြို့တော်ခန်းမမှ အလုံမြို့နယ်ထိ လမ်းလျှောက် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့သည်။
မြစ်ကြီးနားမြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC လူငယ်များကလည်း ရှေ့မှာ June 9 2011-2013 နှင့် နောက်ကြောတွင် Remember me ဆိုသော စာတမ်းများ ရေးထိုးထားသော T-shirt အကျႌပေါင်း ၁,၀၀၀ ကျော် ထုတ်လုပ်ပြီး တထည်လျှင် ၂,၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့သည်ဟု KBC မြစ်ကြီးနားမြို့နယ် လူငယ်တာ ဝန်ခံ ကိုယိန်းခရန် က ပြောသည်။
“၂ နှစ်ပြည့် အထိမ်းအမှတ် ဖြစ်တယ်။ ကျနော်တို့ ဒီစစ်ပြေးဒုက္ခသည်တွေကို မမေ့ဖို့ သတိရနေဖို့ ထုတ်တာ ဖြစ်တယ်။ မနေ့ ကတော့ ဆုတောင်းဝတ်ပြုကြတယ်။ လူငယ်တွေကို မေးခွန်းတွေ မေးကြတယ်။ သီချင်းတွေ ဆိုကြတယ်” ဟု မဇ္စျိမကို ပြောသည်။
မြစ်ကြီးနားမြို့ ယုဇန ရပ်ကွက်ရှိ ကချင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ဆုတောင်း ဝတ်ပြုကာ ဒုက္ခသည်များအခြေအနေများအား ပြောဆိုခဲ့ကြသည်ဟု သိရသည်။
အမေရိကန်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား အပါအဝင် ပြည်ပနိုင်ငံ အသီးသီးတွင် နေထိုင်နေသော ကချင် တိုင်းရင်းသား များကလည်း စစ်ပြေးဒုက္ခသည်များ ၂ နှစ်ပြည့်နေ့ အထိမ်းအမှတ်ပွဲများ ကျင်းပခဲ့ကြသည်။
သို့သော် KIO ထိန်းချုပ်ရာနယ်မြေရှိ စစ်ပြေးဒုက္ခသည်များအတွက် သက်ဆိုင်ရာ ဘုရားကျောင်းများတွင် ဆုတောင်းဝတ်ပြုမှုများသာ ပြုလုပ်ခဲ့ကြသည်ဟု လိုင်ဇာမြို့ခံများထံမှ သိရသည်။
၂၀၁၁ ခုနှစ်တွင် လက်ရှိအစိုးရ အာဏာရယူပြီး လပိုင်းအကြာ ဇွန်လတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရသော စစ်ပြေးဒုက္ခသည် ပေါင်း ၁ သိန်း ကျော်ရှိနေပြီး ရ၀,၀၀၀ ခန့်သည် KIO ထိန်းချုပ်သည့် နယ်မြေများအတွင်း ခိုလှုံနေရသည်။