အင်းလေးကန်အတွင်းသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များ တိုးလာသည်နှင့်အတူ နိုင်ငံခြားသားများကို ကောက်ခံနေသည့် ဝင်ကြေးအား ၅ ဒေါ်လာမှ ၁ဝ ဒေါ်လာသို့ တိုးကောက်ခံတော့ မည်ဟု အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့် က မဇ္ဈိမကို ပြောသည်။
လာမည့်အောက်တိုဘာ ခရီးသွားရာသီမှ စတင်တိုးကောက်မည့် အင်းလေးကန် ဝင်ကြေးနှင့်ပတ်သက်၍ ''အခုကောက်နေတဲ့ ဝင်ကြေး ၅ ဒေါ်လာက အင်းလေးဒေသ ဖွံ့ဖြိုးရေးအတွက် ဘတ်ဂျက်မရပါဘူး။ နောင်တိုးကောက်ခံမယ့် အင်းဝင်ကြေး ၁ဝ ဒေါ်လာမှာတော့ ကျွန်တော်တို့က ၅ ဒေါ်လာ ရရှိမှာဖြစ်တယ်'' ဟု သူက ဆက်ပြောသည်။
လွန်ခဲ့သည့် နှစ်နှစ်က အင်းလေးဒေသသို့ ပြည်ပဧည့်သည် ၄ဝ,ဝဝဝ ခန့် ဝင်ရောက်ခဲ့ပြီး၊ ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ်က ပြည်ပခရီးသည် တစ်သိန်းကျော်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များအရ သိရသည်။
ရှမ်းပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မေတစ်လတည်းအတွင်း၌ပင် အင်းလေးသို့ နိုင်ငံခြား သား ၃ဝဝဝ ကျော် ဝင်ရောက်ခဲ့သည်ကို တွေ့ရသည်။