တရားဝင် ရခိုင် နိုင်ငံရေးပါတီ နှစ်ခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့က ၂၀၁၅ ရွေးကောက်ပွဲတွင် ကျင့်သုံးရန် ပါတီအချို့မှ တင်ပြထားသည့် အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation system) အား ကန့်ကွက်ကြောင်း ပါတီ ထိပ်တန်း ခေါင်းဆောင်များက ပြောဆိုလိုက်သည်။
အချိုးကျကိုယ်စားပြုစနစ် ( PR ) မှာ ရွေးကောက်ပွဲ၌ မဲအများဆုံးရ ပါတီက အပြတ်အသတ် အနိုင်ရခြင်းမျိုး မဟုတ်ဘဲ ပါတီ တခုချင်းစီ၏ မဲရရှိမှု အရေအတွက်ကို လိုက်၍ အချိုးကျ ကိုယ်စားလှယ်လောင်း ရရှိသည့် စနစ် ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အင်အားစု (NDF)ပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)တို့က ဦးဆောင် အဆိုပြုနေကြခြင်း ဖြစ်သည်။
ရခိုင်တိုင်းရင်းသားတို့၏ အကျိုးစီးပွားကို ရှေးရှု၍ အချိုးကျ ကိုယ်စားပြု စနစ်ကို လက်မခံနိုင်ဟု ဇွန်လ ၁ ရက်နေ့က တောင်ကုတ်မြို့ ပါတီဆိုင်း ဘုတ်တင်ပွဲနှင့် ရုံးဖွင့်ပွဲအခမ်းအနား၌ ALD ဥက္ကဋ္ဌ ဦးအေးသာအောင် က ထုတ်ဖော် ပြောဆိုခဲ့သည်။
“တချို့ ပါတီတွေက ဒီစနစ်ကို လက်ခံချင်ကြတယ်။ သို့သော် လက်ရှိ ရခိုင်ဒေသအခြေအနေအရ ALD အနေနဲ့ PR ကို လုံးဝလက်ခံလို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ရခိုင်မှာ နိုင်ငံသား မဟုတ်သူတွေဟာမြန်မာ တိုင်းရင်းသားတွေရဲ့ သုံးပုံတပုံ ရှိနေတယ်။ သူတို့ကိုသာ အချိုးကျခွင့် ပြုလိုက်ရင် အမျိုးဘာသာ၊ သာသနာ အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနိုင်လို့ပါပဲ” ဟု ပြောကြားလိုက်သည်။
ထို့ပြင် မေလ ၂၇ နေ့မှ ၂၉ ရက်နေ့ထိ အမ်းမြို့၌ ကျင်းပသော RNDP ၏ ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးတွင် အဆိုပါ PR စနစ် ကျင့်သုံးမည့် အစီအစဉ်အား ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။
“ဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ပါတီတွင်း အချင်းချင်း ပြဿနာ ဖြစ်လာနိုင်သလို နိုင်ငံရေး ပါတီတွေ အချင်းချင်း လည်း ပဋိပက္ခ ဖြစ်လာနိုင်တယ်။ ဒီမိုကရေစီ စနစ်နဲ့ အသားကျပြီး ရင့်ကျက် တည်ငြိမ်တဲ့ နိုင်ငံရေး အနေအထားကို မရောက်မချင်း ပြည်သူအားလုံး မဲပေး ရွေးချယ်ခွင့်ရှိတဲ့ ရွေးကောက်ပွဲစနစ်နဲ့ပဲ သွားသင့်တယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ PR စနစ်ကို ကျင့်သုံး လိုက်ရင် ဒေသတွင်း ပဋိပက္ခတွေ ပိုဆိုးလာနိုင်တယ်။ ဒါကြောင့် ကော်မရှင်ရဲ့ PR စနစ် ပြောင်းလဲကျင့်သုံးရေးကို ကျနော်တို့ ကန့်ကွက်ရခြင်း ဖြစ်တယ်’’ ဟု ရှင်းပြသည်။
အမ်းမြို့ အစည်းအဝေး၌ PR ကိစ္စကို လက်မခံကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
RNDP မှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့သည်။ ALD မှာလည်း ၁၉၉၀ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ ဖြင့် အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်ပြီး စစ်အစိုးရ၏ တဖက်သတ် ပါတီဖျက်သိမ်းခြင်းကို ခံရကာ ၂၀၁၂ ခုနှစ်၊ မေလတွင်မှ ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။
ရခိုင်လူထု၏ ဆန္ဒအရ ထိုနှစ်ပါတီ ပေါင်းစည်းရေးအတွက်လည်း ကြိုးပမ်းအားထုတ်မှုများ ရှိနေကြောင်း သိရှိရသည်။