မွန်ပြည်နယ်စာသင်ကျောင်းများတွင် မွန်စာပေသင်ကြားနိုင်မည့်အခြေအနေမတွေ့ရှိသေး

မွန်ပြည်နယ်စာသင်ကျောင်းများတွင် မွန်စာပေသင်ကြားနိုင်မည့်အခြေအနေမတွေ့ရှိသေး
by -
မွန်အေဂျင်စီ

ယခုနှစ်ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် မွန်ပြည်နယ်အတွင်းရှိ အချို့သောအစိုးရ စာသင်ကျောင်းများ၌ မွန်တိုင်းရင်းသားစာပေသင်ကြားရန် စီစဉ်ခဲ့သော်လည်း လက်ရှိတွင် သင်ကြားနိုင်မည့် အခြေအနေမတွေ့ရှိရသေးပေ။

မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက “ဘယ်ကျောင်းတွေမှာ မွန်စာသင်ကြား မှာလဲ၊ မွန်ကျောင်းဆရာတွေကို ဘယ်လိုခန့်အပ်သွားမှာလဲ၊ လစာကိုဘယ်ကပေးမှာလဲ၊ ဒါတွေကိုသေသေ ချာချာ သတ်မှတ်ထားတာ မတွေ့ရဘူး” ဟု ပြောသည်။

သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းအထိ မွန်ဖတ်စာသင်ရိုးညွှန်းတန်းများ သတ်မှတ်နိုင်ရေးအတွက် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ချုပ်၏ အကြံပြုချက်များအတိုင်း မဆလခေတ်မွန်ဖတ်စာတို့ကို ခေတ်ကာလ နှင့်လျှော်ညီစွာ အနည်းငယ်ဖြည့်စွက်ပြင်ဆင်ပြီးယင်း မွန်ပုံနှိပ်စာအုပ် များကို မြန်မာနိုင်ငံပညာရေးဌာနက ရိုက်နှိပ်နေပြီဟု သိရသည်။

မြန်မာနိုင်ငံပညာရေးဌာန ဝန်ကြီး၏ခွင့်ပြုချက်ဖြင့် ယခုပညာသင်နှစ်တွင် ဒုတိယတန်းအထိ ကျောင်းချိန်ပြင်ပ အတွင်း မွန်စာပေသင်ကြားရန် ခွင့်ပြုထားသဖြင့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာတို့ကိုသက်ဆိုင်ရာ ပြည်ထောင်စုအစိုးရထံသို့ ပေးပို့ထားပြီး ဖြစ်သည်။

ဒေါက်တာမင်းကြည်ဝင်းက “တိုင်းရင်းသားစာပေ သင်ကြားရေးကို လွှတ်တော်တွေက ဥပဒေ မသတ်မှတ်ရသေးသလို ဘတ်ဂျက်ငွေဘယ်လောက်သုံးစွဲခွင့်ရှိတယ်ဆိုတာကိုလည်း ဘယ်သူကမှ မပြောနိုင်သေးဘူး၊ ဥပမာ ပြည်ထောင်စုအစိုးရမဟုတ်ရင် ပြည်နယ်အစိုးရဘတ်ဂျက်ငွေချပေးမှာလား” ဟုပြောသည်။

ကျောင်းချိန်ပြင်ပတွင် တိုင်းရင်းသား စာပေကို သင်ကြားခွင့် ပြုမည် ဖြစ်ပြီး မွန်စာပေသင်ကြားရေး အတွက် တနှစ်လျှင် ဒေါ်လာတ သန်း ထောက်ပံ့သွားမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေများ ပါတီများခေါင်းဆောင်များ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ နေပြည်တော်တွင်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြားခဲ့ဘူးသည်။

မွန်ပြည်နယ်၊ ရေးမြို့ အထက်တန်းကျောင်း၌ ယနေ့ကျင်းပပြုလုပ်သော ကျောင်းအပ်နှံရေးနေ့အခမ်းအနားသို့ တက်ရောက်နေသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက စာသင်ကျောင်း များတွင် မွန်စာပေသင်ကြားနိုင်မည့် အရိပ်အယောင် မတွေ့မြင်မိသေးဟု ဆိုသည်။

ဒေါက်တာဗညားအောင်မိုးက “သင်ကြားမယ့်ကျောင်းသားဦးရေ၊ ကျောင်းဆရာတွေ စာရင်းကောက်ခံ ပြုစုတာ၊ နှိုးဆော်တာ ဘာအသံမှမကြားမိဘူး၊ နောက်အပတ်ကျရင် ကျောင်းစဖွင့်ပြီ၊ အခုအချိန်ထိ ဘာပြင်ဆင်မှုမှ မရှိသေးဘူး” ဟု ပြောသည်။

ကျောင်းချိန်ပြင်ပတိုင်းရင်းဘာသာသင်ကြားပေးရန်လျာထားကြောင်း ပညာရေးဝန်ကြီးဒေါက်တာမြအေး က ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန အစည်းအဝေး၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံတစ်ဝှမ်း၌ လာမည့် ဇွန်လ ၃ ရက်နေ့တွင် ၂၀၁၃-၂၀၁၄ ခုနှစ်ပညာသင်နှစ်အတွက် အစိုးရအခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်မည်ဟု သိရသည်။