ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ ကာလအတောအတွင်း ကယားပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲဖြစ်တဲ့ အတွက် ဒေသခံလူထုအကြား လူ့အခွင့်အရေးနဲ့ ပါတ်သက်တဲ့ အသိပညာတွေပို့ချပြီး ကာကွယ် ဖြေရှင်းသွားမယ်လို့ ကျောင်းသား အဖွဲ့က ပြောဆိုပါတယ်။
ကယား(ကရင်နီ) ပြည်နယ်ကျောင်းသားများ သမဂ္ဂအဖွဲ့ (KSSU) နဲ့ Equality Myanmar တို့ကြီးမှူးပြီး မေလ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ပထမဦးဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ အခြေခံလူ့အခွင့်အရေး သင်တန်းဆင်းပွဲမှာ ယခုလို ပြောဆိုလိုက်တာပါ။
"ကျနော်တို့ပြည်နယ်မှာ လွတ်လပ်ရေးနဲ့အတူ ဒွန်တွဲပါလာတဲ့ ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အများကြီးရှိတယ်။ အဲ့လိုခံရမှုတွေဟာ မြန်မာလူထုတင်မကဘူး ကျနော်တို့ ကယားပြည်နယ်မှာနေထိုင်တဲ့ ကျောင်းသားတွေ၊ လူငယ်တွေ၊ အမျိုးသမီးထုကြီးတွေကနေ အကုန်လုံး ခါးသီးခံခဲ့ရတယ်။ အဲ့လိုခါးသီးခံလာရတဲ့ ဒုက္ခတွေကို ဖြေရှင်းနိုင်ဖို့အတွက် ဒါပထမဆုံးခြေလမ်း အစပဲဖြစ်တယ်" လို့ KSSU ဥက္ကဌ ကြူးဖဲကေးက ပြောပါတယ်။
မင်္ဂလာရပ်ကွက်မှာ ပြုလုပ်ခဲ့တဲ့ အခြေခံ လူ့အခွင့်အရေးသင်တန်းကို လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ်ဖယ်ခုံဒေသမှ ကျောင်းသားလူငယ်နဲ့ဒေသခံ၂၁ ဦးတက်ရောက်ခဲ့ပြီး ၂၆ ရက်နေ့ညနေ ၄နာရီမှာ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ရပ်ရွာထဲမှာ ကျောင်းအဆောက်အဦးအတွက် အာဏာပိုင်တွေကနေ မတရား ငွေကြေးကောက်ခံမှုများ ရှိနေပြီး အဆိုပါ အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်နိုင်ဖို့ ဒေသခံပြည်သူတွေကနေ အခြေခံလူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ချိုးဖောက်မှုများ စောင့်ကြည့် တင်ပြသွားမယ်လို့ သင်တန်းတက်ခဲ့သူ ဖယ်ခုံမြို့နယ် ကုန်းသာရွာမှ ဦးဇော်လင်းထွန်းက ပြောပါတယ်။
"ကျမတို့ဒေသကနဲနဲလေး ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုရော အသိပညာ ဗဟုတုတ နည်းနေသေးတာပေါ့။ အဲဒါကြောင့် ဒီသင်တန်းကိုလာတက်ဖြစ်တာပါ။ ကျမတို့ရဲ့ဒေသမှာ ဥပဒေနဲ့ ပါတ်သက်ပြီးမှပေါ့နော် သိပ်ပြီးမှမသိကြသေးဘူး။ ပြီးတော့ လူ့အခွင့်အရေးတွေလဲ ချိုးဖောက်မှုတွေ အများကြီးခံ နေရတာပေါ့နော်..."လို့ ဖယ်ခံမြို့ ရွှေပြည်အေးကျေးရွာမှ သင်တန်းတက်ရောက်ခဲ့သူ မမြတ်ကေသီက ပြောပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရပ်ထဲရွာထဲမှာရှိနေသလို ငြိမ်းချမ်းရေးကာလအတောအတွင်း ပြုလုပ်နေတဲ့ အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့်လည်း တိုင်းရင်းသားဒေသခံတို့ရဲ့ အခွင့်အရေးကို ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ ကြူးဖဲကေးက ပြောပါတယ်။
“လူ့အခွင့်အရေးနဲ့ ပါတ်သက်ပြီး ကျနော်တို့ပြည်နယ်မှာ အများကြီး လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်မှာပဲအမှတ်-၁၄ တမ်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကြောင့် ကောင်မလေးတယောက် မဒိန်းကျင့်ခြင်း ခံရပါတယ်။ ဒါဟာ ကျောင်းသူလေး တယောက်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကျနော်ထင်ပါတယ် ကျနော်တို့ပြည်နယ်မှာ လုပ်နေတဲ့စီမံကိန်းအားလုံးဟာ ကျနော်တို့ ပြည်နယ် ကိုသော်လည်းကောင်း၊ ကျနော်တို့ တိုင်းရင်းသားကိုသော်လည်းကောင်း သစ္စာဖောက်နေတဲ့ စီမံကိန်းတွေဖြစ်တယ်”