ပြည်တော်ပြန်ပြီးသန်းခေါင်စာရင်းသွင်းရန် ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမားများအား သျှမ်းအမတ်တွေ့ဆုံ တိုက်တွန်း

ပြည်တော်ပြန်ပြီးသန်းခေါင်စာရင်းသွင်းရန် ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမားများအား သျှမ်းအမတ်တွေ့ဆုံ တိုက်တွန်း
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံသို့ခေတ္တရောက်ရှိနေသည့် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ်များက ၂၀၁၄  သန်းခေါင်စာရင်း သွင်းဖို့ အတွက် ထိုင်းရောက်သျှမ်းများ နေရပ်ပြန်သင့်ကြောင်း အကြံပေးတိုက်တွန်းပြောဆိုလိုက်သည်။

ကွန်ဟိန်းမြို့ မဲဆန္ဒနယ်အမှတ် ၂ က ပြည်သူ့လွှတ် တော်အမတ် နန်းဝါနု

သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ်ကျားဖြူပါတီ၏ ကွန်ဟိန်းမြို့ မဲဆန္ဒနယ်အမှတ် ၂ က  ပြည်သူ့လွှတ် တော်အမတ် နန်းဝါနုနှင့် ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင်တို့ ထိုင်းနိုင်ငံချင်းမိုင်ရောက် ရွှေ့ပြောင်း သျှမ်းပြည်သား အလုပ်သမားအား တွေ့ဆုံ၍ပြောဆိုလိုက်ခြင်းဖြစ် သည်။

“ အပြီးပြန်မနေသေးရင်တောင်မှ ၂၀၁၄ ကျရင် သန်းခေါင်စာရင်းဝင်ဖို့ ခဏပြန်သင့်တယ်။ အခုကျမ ချင်းမိုင်ကို ရောက်လာ တာကလဲ ဒီမှာရှိတဲ့ သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွေ၊ အဲန်ဂျီအိုအဖွဲ့တွေနဲ့တွေ့ ဆုံပြီး ဒီကိစ္စအတွက် အကူအညီတောင်းဖို့ပါ။ ပြင်ဆင်ထားတဲ့အနေနဲ့ ဒီကအဖွဲ့အစည်းတွေထဲက ကိုယ်စားလှယ် ၂ ယောက် ၃ ယောက်လောက် ခေါ်ပြီး အလုပ်သင် သင်တန်းပေးချင်တယ်။ ဘာလို့လဲဆို တော့ ချင်းမိုင်တမြို့တည်းမှာဘဲ ယာယီပတ်စပို့ကိုင်ထားတဲ့လူ ခြောက် သောင်းလောက်ရှိတယ်လို့ကြား သိထားတယ်” ဟု စနေနေ့က  Shan CBO များနှင့် တွေ့ဆုံစဉ် နန်းဝါနုက ပြောဆိုလိုက် ပါသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင်ကလည်း အလားတူ သောကြာနေ့က သျှမ်းလူမှုအခြေပြု အဖွဲ့အစည်း များနှင့် တွေ့ဆုံစဉ်  ပြည်ပရောက်သျှမ်းလူမျိုးများ နေရပ်ပြန်မှတ်ပုံတင် မလုပ်ခဲ့ပါက သျှမ်းပြည်သား အရေအတွက် လျော့နည်း သွာမည်ကိုစိုးရိမ်နေကြောင်း၊ သျှမ်းပြည်အတွင်း၌ ယခုအချိန် တိုင်းရင်းသားလွှတ်တော်အမတ်များက လဝက ဝန်ထမ်းများအားခေါ်ဆောင်ပြီးကျေးလက်ဒေသ များသို့  မှတ်ပုံတင်လုပ် ပေးနေပြီဖြစ်ကြောင်း ၊ အဆိုပါ ရွာဝန်းကျင်တွင် နေထိုင်သည့် သျှမ်းရွာများကိုလည်း သွားလုပ်ပေးနေပြီဖြစ်ကြောင်း ပြောပြသည်။

“ အခါ၊ လားဟူ၊ လိဆောအမတ်တွေကနေ ရပ်ရွာတွေနဲ့ဝေးတဲ့ တောကြိုအုံကြားက သူတို့လူမျိုးတွေရဲ့ရွာကို သွားပြီး မှတ်ပုံတင်လုပ်နေပြီ။ တကယ်လို့ဒေသအတွင်းမှာ ရှမ်းရွာတွေရှိရင်လဲ လုပ်ပေးတယ်။ လူမျိုးဆိုရင်လဲ သျှမ်းထည့်ပေးပါလို့ မပြောရင် မထည့်ပေးဘူး။  ဆိုတော့ ကျနော်တို့ သျှမ်းတွေ တနေ့ထက်တနေ့လူဦးရေ နည်းနည်းလာတယ်။ ဒါကြောင့် ဒီကိုရောက်နေတဲ့လူတွေ ခဏလေးဖြစ်ဖြစ်အိမ်ပြန်ပြီး သန်းခေါင်စာရင်းသွင်း ကြဖို့ လေးလေးနက်နက်တိုက်တွန်း ချင်တယ်ဗျ။ အနာဂတ်အတွက်စိုးရိမ်ရတယ်ဗျာ” ဟုပြောဆိုသည်။

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းသန်းမောင်

စိုင်းသန်းမောင်သည် ကျောက်မဲမြို့နယ်အတွင်းရှိတဲ့ ရွာပေါင်း ၃၀ ကျော်ကို မှတ်ပုံတင်လိုက်လုပ်ပေး ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်မူ မြို့တွင်းနေ တရုတ်လူမျိုးများအား လူမျိုး - မိုးဝင်းဗမာ၊ တောင်ကြော တလျှောက်နေထိုင်သည့် တရုတ်များအား လူမျိုး- ကိုးကန့်  ဟူ၍ အစိုးရက မှတ်ပုံတင်  လုပ်ပေးကာ  ဗမာလူဦးရေ တိုးဖြည့်နေကြောင်း စိုင်းသန်းမောင်က ထောက်ပြသည်။

မည်သို့ပင်ဆိုစေ ပြည်ပရောက်နေသူများအားလုံး အိမ်ပြန်စာရင်းပေး မည်ဆိုပါက အနာဂတ် သျှမ်းပြည်အတွက်အကောင်း ဆုံး ဖြစ်မှာဖြစ်ကြောင်း ကျားဖြူအမတ်မင်းများက အကြံပြုပြောဆိုလိုက်သည်။

အစမ်းသပ်သန်းခေါင်းစာရင်းကောက်ယူမှုကို ပြီးခဲ့သည့် မတ်လ ၂၉ ရက်က တကြိမ်ပြုလုပ်ခဲ့ပြီး သန်းခေါင်စာရင်းအမှန် ကောက်ယူမှုကို လာမည့် ၂၀၁၄ မတ်လ ၂၉ ရက် သန်းခေါင်ကျော် (မတ်ခ်ျ ၃၀ ရက်အစ) တွင် စတင် ပြုလုပ်မည်ဖြစ်သည်။ ထို့ကြောင့်အဆိုပါ ရက်မတိုင်ခင် တပတ်ကြိုအိမ်ပြန်ရောက်သင့် သည်ဟုလည်း လွှတ်တော်အမတ်များကပြောဆိုခဲ့ပါသည်။

Most read this week