US နှင့် UK မပါဘဲ အစိုးရနှင့် KIO မေလကုန်ပိုင်း မြစ်ကြီးနားတွင် တွေ့ဆုံမည်

US နှင့် UK မပါဘဲ အစိုးရနှင့် KIO မေလကုန်ပိုင်း မြစ်ကြီးနားတွင် တွေ့ဆုံမည်
by -
ကချင်သတင်းဌာန

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ လာမည့်  တွေ့ဆုံဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် US နှင့် UK အစား တိုင်းရင်းသားလက်နက်ကိုင် ၉ ဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

မေလ နောက်ဆုံးပတ် ထပ်မံတွေ့ဆုံမည့် အစိုးရနှင့် KIO ကိုယ်စားလှယ်များ ဆွေးနွေးပွဲတွင် KIO ဘက်မှ ဖိတ်ခေါ်ထားသော နိုင်ငံတကာ လေ့လာသူများ (တရုတ်အစိုးရနှင့် US၊ UN၊ UK ) အနက် US နှင့် UK တို့ တက်ရောက်နိုင်မည် မဟုတ်သောကြောင့် ၎င်းတို့အစား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့ကို KIO မှ ထပ်မံ ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။

“KIO အနေနဲ့က နိုင်ငံတကာ လေ့လာသူအားလုံးကို ပါ၀င်ခိုင်းချင်တာဟုတ်တယ်။ ဒါပေမဲ့ US နဲ့ UK က ဒီတစ်ခါ မပါ၀င်နိုင်တော့တဲ့ အခြေအနေမို့လို့ သူတို့အစား တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ အဖွဲ့ ၉ ဖွဲ့ကို ပြန်ခေါ်လိုက်တာဟုတ်တယ်။ တရုတ်ပါမယ်။ UN ပါမယ်။ KIO တွေခေါ်တာကို အစိုးရကလဲ သဘောတူတယ်”

ပါ၀င်တက်ရောက်မည့် လက်နက်ကိုင်အဖွဲ့အစည်း ၉ ဖွဲ့တို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအို၀်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ‘၀’ ပြည်သွေးစည်းညီညွတ် ရေးပါတီ (UWSP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (NDAA) တို့ဖြစ်သည်။

ယခုတွေ့ဆုံမည့်ဆွေးနွေးပွဲတွင် KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်၍ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်နှင့် ကိုယ်စားလှယ်များနှင့် အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး တွေ့ဆုံမည့်ရက်ကို အတိအကျ မသတ်မှတ်နိုင်သေးကြောင်း ဦးခပရာ ခွန်းအောင်က ပြောသည်။

“သတင်းတွေမှာတော့ ၂၈ ရက်နေ့ဆိုပြီး ပြောထားကြတယ်။ မေလ နောက်ဆုံးပတ်မှာ လုပ်မှာတော့ သေချာပြီ။ ဒါပေမဲ့ ဘယ်နေ့ဆိုတာက ပြောလို့မရသေးဘူး။ ၂၈ နဲ့ လကုန်ကြားတွေမှာ ဖြစ်မယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုတော့ ၂၇ ရက်နေ့ ရောက်အောင်ဆိုပြီးတော့ ခေါ်ထားတာဟုတ်တယ်။”

ယခုအကြိမ်တွေ့ဆုံမှုကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မနောကွင်း မဂျွယ်ခန်းမဆောင် (Majoi Gawknu) တွင် ပြုလုပ်မည်ဖြစ်ပြီး KIO ကိုယ်စားလှယ်များ၏ လုံခြံုရေးနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) တို့မှ စုပေါင်းတာဝန်ယူပေးရန် ပြင််ဆင်နေကြောင်း သိရသည်။

ထိုသို့အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများညှိနှိုင်းနေသော်လည်း အစိုးရတပ်များသည် ရှမ်းပြည်မြောက်ပိုင်းတို့တွင် ပို၍ ထိုးစစ်ဆင်လှုပ်ရှားမှုများရှိနေခြင်းကြောင့် မိမိတို့နှင့်လည်း တဖက်တွင်ဆွေးနွေးပြီးတဖက်တွင်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု   အောင်မြင်၊  မအောင်မြင် ခြင်းမှာ  အစိုးရအပေါ်သာ မူတည်ကြောင်း  တပ်မဟာ ၄ အထက်ပိုင်း KIA အရာရှိ တစ်ဦးကပြောသည်။

“အဓိကတော့ ကျနော်တို့ တင်ပြတာတွေကို အစိုးရ လက်ခံပြီး နိုင်ငံရေးဆွေးနွေးမှုရှိလာရင်တော့ အကောင်း ဘက်ရောက်လာမှာပဲ။ အခုက သိန်းစိန်အစိုးရ က ငြိမ်းချမ်းရေးကိုပဲပြောနေပြီးတော့ တပ်ပိုင်း အနေနဲ့တော့ ကုန်အောင်တိုက်ပစ်မယ်ဆိုတဲ့နည်းလမ်းကိုင်နေတာပဲ။ အဲဒါကြောင့် အခုရှမ်းပြည်မြောက်ပိုင်း KIO တွေရဲ့နယ်မြေတွေမှာ KIA အနေနဲ့ ထပ်ပြီးအခြေမစိုက်နိုင်အောင် နေလို့မရအောင် ကချင်ပြည်ကိုပြန် သွားအောင် ဆိုတဲ့ နည်းလမ်းနဲ့လုပ်နေတာဟုတ်တယ်။ အခုဒီဘက်မှာ သူတို့တပ်အင်အားတွေ အများကြီးပဲ အရင်ထက်ပိုပိုဆိုးလာတယ်။”

ယခုတကြိမ်တွေ့ဆုံမှုတွင် တပ်နေရာချထားရေးနှင့် နိုင်ငံရေးဆွေးနွေးမှုနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဖြစ် ကြောင်း  အောင်မြင်မှုအတိုင်းအတာကိုလည်း နှစ်ဦး နှစ်ဖက်ယုံကြည်မှု  သဘောတူ ညီမှုအပေါ် မူတည်မည်ဟု ဦးခွန်းအောင် က ပြောသည်။

အစိုးရနှင့် KIO ကြား ပြီးခဲ့သည် ့တရုတ်နိုင်ငံ ရွှေလီမြို့ မတ်လ ၁၁ ရက်နေ့ဆွေးနွေးပွဲတွင်နောက်ထပ် ဧပြီလ (၁၀) နေ့မတိုင်မီ ပြန်လည် ကျင်းပရန်သဘောတူထားသည့်အတိုင်း ဧပြီ (၆) ရက်နေ့တွင်တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း တရုတ်အစိုးရမှ ကုလသမဂ္ဂနှင့် ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံများ ပါ၀င်ဆွေးနွေးမည်ကို ကန့်ကွက်ခြင်းကြောင့် ရက်ရွှေ့ဆို်င်းလိုက်ရခြင်းဖြစ်ကြောင်း ကချင်အဖွဲ့အစည်းများ၏  ထုတ်ပြန်ကြေငြာချက်တွင် ပြောဆိုခဲ့သည်။

Most read this week