မိုးဦးကျတဲ့ ယခုလိုရာသီ အချိန်အခါဆိုရင်တော့ဖြင့် တောင်ယာစိုက်ပျိုးတဲ့သူတွေ လယ်ယာလုပ်တဲ့သူတွေတိုင်းဟာ သူတို့ရဲ့ လုပ်ကိုင်မြဲလုပ်ကိုင်လျက်ရှိကြတဲ့ လုပ်ငန်းတွေကို စတင်လုပ်ကိုင် နေကြရပြီဖြစ်ပါတယ်။ တချို့တောင်သူ တွေ သီးနှံစိုက်ပျိုးဖို့ မြေယာတွေ ထွန်ယက်နေကြပါပြီ။
ဒီလိုထွန်ယက်နေကြတဲ့အချိန်မှာ တချို့ တောင်သူတွေဆီမှာ အဆင်သင့်လယ်ယာမြေတွေ ရှိနေကြသလို တချို့တောင်သူတွေမှာတော့ လယ်ယာမြေမရှိလို့ တခြားသောသူတွေရဲ့ တောင်ယာမြေတွေမှာသွားရောက်လုပ် ကိုင်နေကြရတာကိုလည်း တွေ့နေကြရပါတယ်။
လယ်ယာမြေမရှိတဲ့ တောင်သူတွေဟာ ယခင်က တသက်လုံး လုပ်ကိုင်စားသောက်နေတဲ့ ယာမြေတွေရှိခဲ့ ကြပေမဲ့လို့ ယခုအချိန်မှသာလျှင် တပ်က သိမ်းလိုက်လို့ လုပ်ကိုင်စရာမြေ မရှိတော့တာဖြစ်ပါတယ်။
အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ဖို့အတွက် ယခင်အစိုးရလက်ထက်ကတည်းက ပြည်သူတွေရဲ့ လယ်မြေတွေကိုသိမ်းဆည်းထားခဲ့တဲ့ အတွက်ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက လောဂျာဆိုတဲ့ ကျေးရွာလေးမှာ တောင်သူတချို့ဟာ စိုက်ပျိုးစရာမြေ မရှိတော့ပါဘူးဆိုတာ သိလိုက်ရပါတယ်။
စိုက်ပျိုးစရာ လယ်မြေတွေ မရှိတော့တဲ့အတွက် သူတပါးဆီကနေ အခပေးငှားရမ်းကာ စိုက်ပျိုးလုပ်ကိုင်ဖြစ်တဲ့ လောဂျာကျေးရွာက ဒေသခံတွေတချို့နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
တောင်ယာစိုက်ခင်းထဲကနေ ရွာကို ပေါက်တူးတလက်နှင့် ပြန်လာနေတဲ့ လောဂျာကျေးရွာမှ အသက် ၃၅ နှစ်အရွယ်ခန့်ရှိတဲ့ ဒေါ်ရှားမာက တော့ ယခုလို မြေယာအသိမ်းခံရတာဟာ သူမဘဝ မိသားစုအတွက် ထမင်းအိုးကို ဖျက်ဆီးလိုက်တာနဲ့တူတယ်လို့ သက်ပြင်းရှည်တချက်ချပြီး ယခုလို ပြောသွားပါတယ်။
“စစ်တပ်က ကျမတို့ မြေတွေကိုခုလိုသိမ်းသွားတော့ ကျမတို့ ထမင်းအိုကို သိမ်းသွားသလိုပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့လောဂျာရွာက သီးနှံတွေစိုက်ပျိုးတာတွေပဲ လုပ်ကိုင်ကြတာလေ။ တခြားအလုပ်အကိုင်တွေကို ဘာတခုမှ မလုပ်တတ်ဘူး။ အဲဒါကြောင့် တခြားအလုပ်တွေလည်း ကျမတို့ မလုပ်တတ်ဘူးလေ။”
ဒေါ်ရှားမာဟာ လောဂျာရွာသူတဦးဖြစ်ပြီး မိသားစုဝင် ၆ ယောက်နှင့်အတူ တောင်ယာ အလုပ်ကိုပဲ လုပ်ကိုင်စားနေ တာဖြစ်ပါတယ်။ စစ်တပ်ကသိမ်းဆည်းခဲ့သော မြေယာများထဲတွင် ဒေါ်ရှားမာတို့ မိသားစုပိုင်ဆိုင်သော မြေဧက ၂၃ ဧကပါ၀င်ခဲ့ပြီး လျော်ကြေးအဖြစ် အစိုးရက ၁ဧက ၅သောင်းနှုန်းသာ ပေးခဲ့သည့်အပြင် လျော်ကြေးကို ၄ဧက အတွက် သာရရှိခဲ့တယ်လို့ ပြောပါတယ်။
အခုတော့ ဒေါ်ရှားမာတယောက် ကျန်ရှိနေတဲ့ မြေယာအနည်းငယ်မှာသာ သီးနှံစိုက်ပျိုးလုပ်ကိုင် နေရတာ မိသားစုအတွက် မလုံလောက်နိုင်ဘူး ဖြစ်နေရှာပါတယ်။
အဲဒီမြေမှာလည်း ယခင်အစိုးရသိမ်းဆည်းခံရတဲ့ မြေယာကဲ့သို့ ကျယ်ဝန်းခြင်းမရှိပဲ ကျဉ်းမြောင်းသည့်အပြင် ကုန်းမြေစောင်းနေရာဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ကိုင်မှု အတွက် မကောင်းကြောင်းပြောပါတယ်။
စိုက်ပျိုးရန်မြေနေရာကျဉ်းမြောင်းခြင်း၊ စိုက်ပျိုးမှု မဖြစ်ထွန်းခြင်းတို့ကြောင့် ဒေါ်ရှားမာတယောက် သူတပါးပိုင် ဆိုင်တဲ့ မြေနေရာမှာ အခပေးအငှား စိုက်ပျိုးလျှက်ရှိပါတယ်။
တပ်မြေဧရိယာဖြစ်သွားတဲ့ အဝေးဆီက သူမရဲ့ တောင်ယာစိုက်ခင်းကို ငေးကြည့်ရင်း နှဖူးမှချွေးကို လက်ဖြင့်သုတ်ချကာ တုန်ခါနေတဲ့ စကားသံတွေနဲ့ ဒေါ်ရှားမာက “စစ်တပ်က ခုလိုသိမ်းသွားတော့ ကျမတို့ လုပ်ကိုင်စားစရာနေရာ မရှိတော့ဘူးလေ။ သူများတွေဆီက တောင်းပြီး လုပ်ကိုင်စား နေရတယ်။ တချို့ကိုတော့ အခပေးပြီး လုပ်ခွင့်တောင်းတယ်။ တချို့ကျတော့ သူတို့ဆီက တနှစ်တောင်းပြီး လုပ်ကိုင်စားတယ်။ နောက်နှစ်သူတို့ကို ပြန်ပေးလုပ်ကိုင်တယ်။ ပိုင်ရှင်ကို ပြန်ပေးလုပ်ကိုင်ခိုင်းတာပေါ့” လို့ပြောပါတယ်။
ဒေါ်ရှားမာဟာသူ့ရဲ့ သိမ်းဆည်းခံရတဲ့ မြေယာတွေအတွက် ပြောရေးဆိုခွင့်မရှိပါဘူး။ ဒါပေမဲ့ တောင်သူလယ် သမားအရေး လှုပ်ရှားမှုတွေ ပြုလုပ်ပေးနေတဲ့ ခိုလျှေဆိုရှေ့ ဆိုတဲ့ အဖွဲ့အစည်းအပေါ်မှာပဲ သူမဟာအားကိုး နေရပါတယ်။
အဲဒီခိုလျှေဆိုရှေ့အဖွဲ့ရဲ့ လှုပ်ရှားမှု ပြုလုပ်တိုင်းမှာ ဒေါ်ရှားမာတယောက်ဟာ မပျက်မကွက် ပါ၀င်လေ့ရှိပါတယ်။ ဒါပေမဲ့လို့ ခိုလျှေဆိုရှေ့အဖွဲ့ဟာ သူမရဲ့ မြေယာတွေကို ပြန်လည်ရယူ ပေးနိုင်မလားဆိုတာ ကိုတော့ သူမ မသိပါဘူး။
“ခိုလျှေဆိုရှေ့ကပြုလုပ်တဲ့ စုပေါင်းဆုတောင်းပွဲတွေ ကျေးရွာ တရွာစီတရွာစီကို အစည်းအဝေးခေါ်တဲ့အခါမှာ ကျမလည်းအမြဲသွားပါတယ်။ ကျမရဲ့မြေကို ပြန်ရလိုရငြားပေါ့။ သူတို့က အဲလိုတွေကူညီတယ်လေ” လို့ ဒေါ်ရှားမာက ဆက်ပြောပါတယ်။
ခိုလျှေဆိုရှေ့ တောင်သူလယ်သမားများကော်မတီ အဖွဲ့ဟာ မာပရိုရှေး အုပ်စုအတွင်းရှိ တောင်သူလယ်သမားများ ကိုဦးဆောင်ပြီး အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း အတွက် သိမ်းဆည်းခဲ့သော မြေယာများ ပြန်လည် ရရှိရေးအတွက် ဆုတောင်းပွဲများ၊ လူထုဆန္ဒခံယူပွဲများကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ခိုလျှေဆိုရှေ့ တောင်သူလယ်သမားကော်မတီ မှ တာဝန်ခံလည်းဖြစ် လောဂျာရွာသားလည်းဖြစ်တဲ့ ဦးစဲရယ်က တောင်သူတွေလယ်ယာမြေပြန်ရဖို့ လှုပ်ရှားနေတာဟာ အစိုးရနှင့် တပ်မတော်ကို အတိုက်အခံ လုပ်တာမဟုတ်ဘူးလို့ ယခုလိုရှင်းပြပါတယ်။
“ဒီလိုမြေတွေပြန်ရမယ်ဆိုရင် ကျနော်တို့ကတော့ တောင်းမှာပဲ။ ဒါပေမဲ့ ကျနော်တို့ ဒီလိုမြေယာတွေ ပြန်တောင်း တာက တချို့လူတွေကလည်း ကျနော်တို့ကို နိုင်ငံရေးလုပ်တယ်။ အစိုးရကို အတိုက်အခံလုပ်တယ်။ တပ်မတော်ကို အတိုက်အခံလုပ်တယ်လို့ထင်မယ်။ ဒါပေမဲ့ ကျနော်တို့မှာ အဲဒီလိုရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ဒါပေမဲ့ ကျနော်တို့ ရဲ့ ရိုးရိုးသားသားလုပ်ကိုင်စားနေတဲ့ တောင်သူတွေ ဒီလိုတွေဆုံးရှုံးရတဲ့အတွက် ရွာသူရွာသားတွေ အဓိက ကတော့ တောင်သူတွေအတွက် မြေတွေပြန်ရရှိဖို့ပေါနော” လို့ပြောပါတယ်။
ဦးစဲရယ်က “စစ်တပ်ကသိမ်းလိုက်တဲ့ မြေတွေက အများအားဖြင့်တော့ မြေညီတဲ့နေရာတွေပေါ့။ စက်တွေ နွားတွေနဲ့ ထွန်ယက်တဲ့ နေရာမှာပိုပြီးတော အဆင်ပြေတယ်။နေရာလည်းပိုကျယ် တယ်။ မြေနေရာလည်းပိုကျယ်တယ်။ စပါးတို့ သီးနှံတို့ဆိုပိုပြီးတော့ သန်တယ်ပေါ့နော်။ စစ်တပ်သိမ်းလိုက်တော့ သူတို့တခြားအပြင်နေရာကို သွားလုပ်ကိုင်တဲ့အခါ လမ်းမရဲ့ တဖက်မှာကတော့ အများအားဖြင့် တောင်စောင်းတွေပေါ်မှဆိုတော့ ကိုယ်တိုင် သွားပေါက်ရတယ်။ ခုတ်ရတယ်ဆိုတော့ စက်တနာရီထွန်စာက ဘယ်လောက်သွားလဲ၊ ကိုယ်တိုင်ပေါက်ရင် ဘယ်လောက်သွားလဲ၊ အဲဒါတွေအရမ်းကွာတာပေါ့နော” လို့ ဆက်ပြောပါတယ်။
စစ်တပ်မှသိမ်းယူသွားသော မြေယာများမှာ ဒေသခံ တောင်သူများရဲ့ ဘိုးဘွားလက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာကြသော မြေယာများဖြစ်သည့်အပြင် ဒေသခံတောင်သူတွေရဲ့ ထမင်းအိုးဖြစ်သည့်အတွက် မြေယာများကိုပြန်လည် ရယူလိုကြပါတယ်။
“ခုသိမ်းသွားတဲ့မြေတွေက ဟိုး….. ကျမတို့ရဲ့ ဘိုးဘွားလက်ထဲကတည်းက လုပ်ကိုင်စားလာတဲ့ မြေတွေဖြစ်တယ်။ ခုလိုသိမ်းသွားတော့ လုပ်ကိုင်စရာမရှိတော့ဘူး။ နှမြောတယ်။ ပြန်ရမလား မရဘူးလားဆိုတာ သေချာမသိပါဘူး… “လို့ဒေါ်ရှားမာက ပြောပါတယ်။
ရွာသားတွေ ပိုင်ဆိုင်ထားခဲ့ကြတဲ့ ဘိုးဘွားဘီဘင် အမွေအနှစ်ကို စစ်တပ်ကနေ ၂၀၁၀ ခုနှစ်မှာ စစ်တပ်စခန်းဆောက်လုပ်ဖို့ သိမ်းခဲ့တာဖြစ်ပြီး မြေဧကပေါင်း ၃၂၅၇ ဧက သိမ်းယူခဲ့တာဖြစ်ပါတယ်။
ဒီလိုသိမ်းဆည်းထားတဲ့မြေယာတွေကို ပြည်သူထံသို့ပြန်လည်အပ်နှံဖို့ ကေအဲန်ပီပီနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးကြရာမှာ သဘောတူညီချက် မချမှတ်နိုင်ကြသေးပါဘူး။