ယနေ့ မနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်း အကျင့်ပျက် ချစားမှုများနှင့် ပတ်သက်၍ ကျေးရွာပေါင်း ၁၄ ရွာမှ ပြည်သူများ စုပေါင်းဆန္ဒပြခဲ့ကြောင်းဆန္ဒပြသူ ကိုပြည်အေးက ပြောသည်။
“ကျနော်တို့ အဓိက ရည်ရွယ်တာက မီးကော်မတီတွေ အလွဲသုံးစားမှုကိစ္စ၊ အုပ်ချုပ်ရေးမှူးတွေရဲ့ အလွဲသုံးစားမှုကိစ္စ၊ မြေသိမ်းတဲ့ကိစ္စ ဒီ ၃ မျိုးကို အဓိက ထားပါတယ်” ဟု ဆန္ဒပြပွဲဦးဆောင်ပါဝင်သူ ကိုပြည်အေးက ဆက်ပြောသည်။
အဆိုပါဆန္ဒပြသူများသည် ပေါင်မြို့ပေါ်တွင် အချိန်တစ်နာရီ ဝန်းကျင်ခန့် ဆန္ဒပြကြွေးကျော်သံများဖြင့်လှည့်ပတ်ခဲ့ ကြောင်း သိရသည်။
အနိုင်ကျင့်မှု ပပျောက်ရေး တို့အရေး၊ ဆရာတပြည့်မွေးထုတ်စားမှ ပပျောက်ရေး တို့အရေး၊ အကျင့်ပျက်ဝန်ထမ်း များ ပပျောက်ရေး တို့အရေး ဟူသော ကြွေးကျော် သံများဖြင့် ကြွေးကျော်ခဲ့ကြသည်။
“ကျနော်တို့က သက်ဆိုင်ရာ ရုံးတွေရှေ့မှာ ဆန္ဒပြချင်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာက ဒေသန္တရ ဥပဒေ စည်းကမ်း ချက်အရ ကျနော်တို့ကို ရုံးရှေ့မှာ ပြခွင့်မပြုပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ဆန္ဒပြသည့် ပြည်သူများသည် ပေါင်မြို့နယ် ပေါင်းရပ်ကွက် မှစ၍ ပေါင်၊ ကဒါ၊ ကဒုံစိရပ်ကွက် ၃ ရက်ကွက်အား လှည့်လည် ဆန္ဒပြကြကြောင်း၊ စုစုပေါင်း လူအင်းအား (၁၅၀) ကျော်ခန့် ရောက်ရှိ လာသော်လည်း ခွင့်ပြုချက် အမိန့် ရထားသည်မှာ လူပေါင်း ၁၀ဝ ခန့်သား ဆန္ဒပြခွင့် ရှိကြောင်း သိရသည်။
“ရဲတွေကတော့ လုံးခြုံရေးကို တာဝန်ယူပေးထားပါတယ်၊ သူတို့ ဆန္ဒပြဖို့အတွက်ကို မြို့နယ်အုပ်ချုပ်ရေးမှူးကို အရင်တင်ပါတယ် ပြီးတော့ ပြည်နယ်မှူးကို အယူခံဝင်တယ် အဲဒီက ကျလာမှ သူတို့ ဆန္ဒပြတာပါ” ဟု ပေါင်မြို့ခံ ကိုမင်းဌေးအောင်က ပြောသည်။
ဆန္ဒပြသူများမှာ အဓိကအားဖြင့် ထန်းပင်ချောင်းရွာ၊ သဲကုန်းရွာ၊ ကျားဖိုရွာ၊ ကျုံကရွာ၊ တင်ရွာ၊ ညောင်ကုန်ကြီးရွာ၊ မုတ္တမ၊ သဲအိမ်ရွာ နှင့် အခြားရွာအနီးအနားမှ ပြည်သူများလည်း လာရောက်ကြကြောင်း သိရသည်။
ဒေသခံများ၏ ရော်ဘာခြံများအား မွန်ပြည်သစ်ပါတီမှ သိမ်းယူပြီး ပြန်လည်ရောင်းချသည့်ကိစ္စရပ်များ၊ ကျားဖိုး ကျေးရွာ အုပ်ချုပ်ရေးမှုမှ စာသင်ကျောင်းမြေအား ရောင်ချထားသည့် ကိစ္စရပ်များ၊ ကျေးရွာရှိ မြေလွတ်မြေရိုင်း များကို ကျေးရွာနေ ပြည်သူများအား ရောင်ချမှု မရှိသည့်အပြင် အခြားရွာများသို့ ရောင်ချသည့်ကိစ္စရပ်များ၊ သဲကုန်းကျေးရွာ မီးကော်မတီမှလည်း မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်ဟု သတ်မှတ် ထားသော်လည်း တစ်ယူနစ်ကို ၁၀ဝ ကျပ် ကောက်ခံသည့် ကိစ္စရပ်များ၊ ကျုံက ကျေးရွာတွင်လည်း မီးကော်မတီမှ မီတာခအဖြစ် တစ်လကို ၃ ထောင်ကျပ် ကောက် ခံနေသည့်ကိစ္စများ၊ ထန်ပင်ချောင်းကျေးရွာမှ မီးလင်းရေး ကော်မတီမှလည်း မီတာတစ်လုံးကို ယခင် ၅ သိန်းဈေးမှ ယခု ၁၀ သိန်းအထိ တိုးမြှင့် ကောက်ခံနေသည့် ကိစ္စရပ်များအား ရှင်လင်းမြင်သာရန်နှင့် သမ္မတ ဦးသိန်းစိန် သိရှိရန်အတွက် ဆန္ဒပြခဲ့ကြကြောင်း ကိုပြည်အေးက ယခုလို ရှင်းပြခဲ့သည်။