KIO ဒုက္ခသည်စခန်း အားလုံးမှ မူကြိုဆရာများအား ဆရာဖြစ်သင်တန်း ဖွင့်လှစ်ပေး

KIO ဒုက္ခသည်စခန်း အားလုံးမှ မူကြိုဆရာများအား ဆရာဖြစ်သင်တန်း ဖွင့်လှစ်ပေး
by -
ကချင်သတင်းဌာန

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့်(Je Yang) ကချင်ဒုက္ခသည် စခန်းတွင် KIO အုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်စခန်းအားလုံးအတွက် မူကြိုကျောင်းဆရာဖြစ် သင်တန်း ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိသည်။

ယခုပြုလုပ်သော မူကြိုကျောင်းဆရာဖြစ်သင်တန်းသည် မြန်မာနိုင်ငံခရစ်ယာန်ကောင်စီအဖွဲ့ချုပ် (MCC) မှကမကထပြုကာ ကျပ် သိန်း ၃၀ ကူညီထောက်ပ့ံမှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ဒုက္ခသည်စခန်းအတွင်း ပထမအကြိမ်မြောက် ပြုလုပ်သော သင်တန်းလည်း ဖြစ်ကြောင်း ဂျေယန့် မူကြိုကျောင်းတာဝန်ခံများက ပြောသည်။

သင်တန်းတွင် ဂျေယန့်၊ ဖွန်လွမ်ယန်၊ နောင်အေခူး၊ မုန်းဆိုင်ယန်၊ ဆွတ်မုန်အောင်၊ လိုင်ဇာ၊ ပါဂျောင်၊ မဂါးယန်၊ ဇိုင်းအောင်၊ ခေါင်ရှောင်၊ ဒွမ်ဘွမ်၊ တရုတ်နယ်စပ် မှတ်တိုင် ၆၊ မှတ်တိုင် ၈၊ ဖရဲ၊ မုန်ဂါဇွပ် စသည့်ဒုက္ခသည် စခန်းများရှိ မူကြိုကျောင်းမှ တာဝန်ရှိသူများ  တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။

“အားလုံးက အားတက်သရော လာတက်ကြတယ်။ ကျောင်းအားလုံးပေါင်း ၂၀ ကျော်တယ်” ဟု ဂျေယန့် ဒုက္ခသည်စခန်းမှ ဆရာမကြီး ဒေါင်နော ကပြောသည်။

 ယခု သင်တန်းပို့ချရခြင်းရည်ရွယ်ချက်မှာ ပို၍ကောင်းမွန် ထူးချွန်သော မူကြိုကျောင်း သင်ပြဆရာများဖြစ်ရန်နှင့် ကလေးများကို နည်းစနစ်ကျ သင်ကြားပေးသွားနိုင်ရန် ဖြစ်ကြောင်း၊  သင်တန်းဆင်း မူကြိုကျောင်းဆရာ/ဆရာမများကလည်း မိမိတို့ သက်ဆိုင်ရာ ဒုက္ခသည်စခန်းများတွင် တိုးတက်ကောင်းမွန်အောင်အသီးသီးပြန်လည် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကို လိုင်ဇာမြို့မှ အမျိုးသမီးရေးရာအဖွဲ့ မူကြိုကျောင်းမှ ဦးဆောင်စီမံခန့်ခွဲပြီး၊ သင်ကြား မှုအပိုင်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မူကြိုသင်တန်း ဆရာမ ခေါန်စင်၊ ဆရာမ အင်ခွမ်ခေါန်ရာ၊ ဆရာမ မရစ်ခေါန်ဆန့်၊ ဆရာမ ဘန်ထွယ် တို့မှ လာရောက်ပို့ချပေးရာ သင်တန်းသား ၆၅ ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

သင်တန်းကို မေလ ၁ ရက်နေ့မှ စတင်ပြီး လကုန်ထိ ပို့ချသွားမည်ဖြစ်သည်။ ဒုက္ခသည်စခန်း ၂၀ ကျော်မှ မူကြိုကျောင်းသား ဦးရေ စုစုပေါင်း ၁၅၆၆ ဦးရှိကြောင်း သိရသည်။

Most read this week