၁၅၀၀ တန်ဖုန်းကဒ်များ သျှမ်း-အရှေ့၌ ဘတ်ငွေထောင်ချီ ပြန်လည်ရောင်းချ

၁၅၀၀ တန်ဖုန်းကဒ်များ သျှမ်း-အရှေ့၌ ဘတ်ငွေထောင်ချီ ပြန်လည်ရောင်းချ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်းမိုင်းတုံမြို့နယ်တွင် အစိုးရဆက်သွယ်ရေးဝန်ကြီးဌာနမှချပေးသော ကျပ် ၁၅၀၀ တန် CDMA ဆင်းမ်ကဒ်များကို ကျေးလက်ဒေသများသို့ ထိုင်းဘတ်ငွေ ထောင်ချီဖြင့်ပြန်လည်ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်တို့သိရသလောက်ဆိုရင် သတင်းထွက်နေတာက ဖုန်းကဒ်တခုကို ကျပ် ၁၅၀၀ ဘဲမဟုတ်လား ဗျာ။ အခုကျနော် တို့ကိုလာရောင်းပေးနေတာ ဖုန်းရော ကဒ်ရောပါတယ်တဲ့ တစုံ ၄၅၀၀ ဘတ်တဲ့။ ၅၀၀၀ နဲ့ဝယ်ရတဲ့လူလဲရှိတယ်။ မြို့က လူတွေပြောတာတော့ ဖုန်းချည်းသက်သက်ဆိုရင် ကျပ်သုံးသောင်းဘဲပေးရ တယ်တဲ့။ တရုတ်လုပ်ဖုန်းလို့ပြောတယ်” ဟု မိုင်းတုံမြို့နယ် ဟွေ့အော့ ကျေးရွာအုပ်စုမှ သျှမ်းရွာသားတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ  ချပေးသော CDMA ဖုန်းကဒ်များကို ဆက်သွယ်ရေးရုံးမှ လျှောက်လွှာတင် ဝယ်ယူရမည်ဟုပြောဆိုသော်လည်း မိုင်းတုံမြို့တွင်းရှိ မြို့မျက်နှာဖုံး (သို့) စီးပွါးရေးလုပ်ငန်းရှင် (သို့) စတိုးဆိုင်ပိုင်ရှင်နှင့် ကုန်သည် အချို့တို့ပူးပေါင်းကာ ဖုန်းကဒ်များ ကို ၎င်းတို့ရောင်းချနေသော တရုတ်ဖြစ် NEC လက်ကိုင်ဖုန်းထဲထည့်၍ မြို့ဆင် ခြေဖုံးနှင့် ကျေးလက်တော ရွာများသို့ လှည့်လည်ရောင်းချနေကြောင်း ကျေးလက်ဒေသခံတဦးကပြောသည်။

“ ဆက်သွယ်ရေးရုံးနဲ့ နီးစပ်တဲ့လူတွေဆိုရင်တော့ ဝယ်လို့လွယ်တယ်။ ရုံးမှာသွားဝယ်ခဲ့တဲ့ လူတချို့ ပြန်ပြောပြ တာတော့ ဆင်းမ်ကဒ်တခုကို ကျပ် ၁ သောင်း ၂ သောင်း ပေးရတယ်တဲ့။ အမှန်ဆိုရင် တအိမ်ထောင် တလုံး နှုန်းနဲ့အစိုးရက တွက်ပြီး ချပေးတာလို့ နေပြည်တော်က အသိုင်းအဝိုင်း ကပြော တယ်။  အခုသူတို့လာရောင်း ပေးတဲ့ ကဒ်တွေက စစ်တပ်နဲ့နီး လေ လေ လိုင်းပိုကြည်လေလေ အဲလိုဖြစ်နေတာတွေ့ရတယ်။ CDMA 800 Mhz ကိုတာလိုင်း လို့ခေါ်ကြတယ်လေ။  ထိုင်းဖုန်း တွေလို TH GSM တို့ မြန်မာဖုန်းလို MPT GSM တို့ အဲသလိုမထွက်ဘူးဘဲ။ Unknown Network လို့ထွက်တယ်” ဟု မိုင်းတုံဒေသခံ လူငယ်တဦးကလည်း ပြောပြသည်။

မိုင်းတုံမြို့အတွက် အဆိုပါ ဖုန်းကဒ် ၅၀၀ ထက်မနည်း ချပေးနိုင်ဖွယ်ရှိကြောင်း၊ ကျေးလက်လူထု မလိုချင် သဖြင့် စီးပွါးရေးလုပ်ငန်းရှင်များထံ ဖုန်းကဒ်များ ရောင်းချပေးရခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးရုံးက ပြောဆိုသည်ဟု  အဆိုပါလူငယ် က ဆက်လက်ပြောပြသည်။

၎င်းနှင့်ပတ်သက်၍ မိုင်းတုံမြို့ ဆက်သွယ်ရေးရုံသို့ သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းရာ အထက်မှချ ပေးသော ဖုန်းကဒ်များကို ဧပြီလ ၂၄ နှင့် ၂၅ ရက်နေ့များက လူထုထံရောင်းချ ပေးခဲ့ပြီးဖြစ်ကြောင်း၊ ချလာပေးသည့် အရေအတွက် အတိအကျကိုမူ မသိရှိရကြောင်းသာ ဖြေဆိုခဲ့ပါသည်။

CDMA 800 MHz လိုင်းကဒ် များအား တစ်လလျှင် သုံးသိန်းငါးသောင်း ကဒ် ရောင်းချသွား မည်ဖြစ်ပြီး ယင်းလိုင်းကဒ် များမှာ CDMA 450 MHz ကွန်ရက်တွင် ဝင်ရောက်အသုံးပြု နိုင်မည်မဟုတ်ကြောင်း  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက သတင်းဌာနတခုအား ပြောကြားခဲ့ဖူးသည်။

ကန့်သတ်ချက်အနေနှင့် ဖုန်းကဒ် ဝယ်ယူပြီး ၁၅ ရက်အတွင်း ၅၀၀၀ ကျပ်တန် ကြိုတင်ငွေဖြည့်ကဒ် ထည့်သွင်း ကာ  တစ်လလျှင် ၂၅၀၀ ကျပ်ဖိုး သုံးရမည် ဖြစ်ကြောင်း၊ နှစ်လပြည့်ချိန် စတင်ဖြည့်ထားသည့် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကဒ်မှ ငွေများမသုံးဖြစ်ပါကလည်း ကျန်ငွေအား  ဖြတ်တောက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးက ကြေညာထားပါသည်။

(ထိုင်းဘတ်ငွေ ၃၅၀၀ သည်မြန်မာကျပ်ငွေ တစ်သိန်းနှင့် ညီမျှပါသည်။ )

Most read this week