စိုက်ပျိုးရေးနည်းပညာနှင့် မြေယာဧကအမြောက်အများလဲလှယ်မည့် အစိုးရအစီအစဉ် ကယားလူထု လက်မခံ

စိုက်ပျိုးရေးနည်းပညာနှင့် မြေယာဧကအမြောက်အများလဲလှယ်မည့် အစိုးရအစီအစဉ် ကယားလူထု လက်မခံ
by -
ကန္တာရဝတီတိုင်း(မ်)

သမ္မတရဲ့ စွမ်းဆောင်ရည်ဆုချီးမြှင့်မှုခံရသူ စီးပွါးရေးလုပ်ငန်းရှင် ဦးမြတ်သူဟာ  ကယားပြည်နယ်အတွင်း ပြောင်းသီးနှံစိုက် ဒေသခံများကို နည်းပညာပံ့ပိုးပေးဖို့အတွက် ရှေ့ဆောင်လမ်းပြ စိုက်ပျိုးဖို့  အစိုးရဝန်ကြီးတွေနဲ့ပူးပေါင်းပြီး စိုက်ပျိုးမြေ ဧက ၅၀၀ (သို့) ၁၀၀၀ တောင်း ခံလာတဲ့အပေါ် ဒေသခံများက လက်မခံနိုင်ကြောင်း ပြောဆိုနေကြပါတယ်။

ဒီမောဆိုးမြို့နယ် ဒေါကလော်ဒူကျေးရွာအုပ်စုအတွင်းရှိ ပြည်နယ်ရဲ့ ထင်ရှားသည့် နေရာတခုဖြစ်တဲ့ ကန်ခုနှစ်ဆင့်ရှိရာဘက်မှာ စိုက်ပျိုးရေးလုပ်ငန်းအတွက် စက်ရုံအလုပ်ရုံတည်ဆောက်ဖို့  ပြည်ထောင်စု ဒုဝန်ကြီး ဦးခင်ဇော်နှင့် ပြည်နယ် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရန်အောင်တို့က ဒေသခံတွေကို  မေလ ၂ ရက်နေ့မှာ တနီးလာလဲရွာမှာ ပြောဆိုခဲ့ကြပါတယ်။

“ကျနော်တို့ကို မြေဧက ၅၀၀ ဒါမှမဟုတ် ၁၀၀၀  ပေးပါ။ ခင်ဗျားတို့လေ့လာဖို့ နည်းပညာတွေပေးမယ်။   ခင်များတို့ လိုအပ်တဲ့ အရင်းအနှီးတွေကိုလဲ  ကျနော်တို့ ထုတ်ပေးပါ့မယ် ခင်ဗျားတို့စိုက်ပျိုး လို့ရတဲ့အသီး အနှံတွေကိုလဲ ပေါက်စျေး အတိုင်း ကျနော်တို့ ပြန်ဝယ်ပါမယ်လို့ သူတို့ပြောတယ်။ သူတို့တောင်းတဲ့မြေ ဧက ၅၀၀-  ၁၀၀၀ ဆိုတာက များလွန်းတယ်လေ။ ကျနော်တို့စိုက်ဖို့တောင် ကျန်တော့မှာမဟုတ်ဘူးလေ။ နည်းပြနမူနာလုပ်ဖို့ လေးဧက ၊ ငါးဧက၊ တစ်ဆယ်ဧကလောက်ပဲ  တောင်းရင်တော့ ကျနော်တို့ခွင့်ပြုမယ်။ တနှစ်၊ နှစ်နှစ်လောက်ပဲလုပ်မယ် ဆိုရင်ပေါ့။ ပြီးရင်ကျနော်တို့ကို ပြန်ပေးပေါ့။ ခုဟာက ဒီလောက် အများကြီး တောင်းတဲ့ခါကျတော့ ကျနော်တို့ လက်မခံနိုင်ပါဘူး“  ဒေါကလော်ဒူ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြောဆို လိုက်ပါတယ်။

ဒေသခံတွေကို  စိုက်ပျိုးရေးနည်းပညာမျှဝေပေးမယ်လို့ပြောတဲ့သူကတော့  ပဲခူးတိုင်းဒေသ မှ စွမ်းဆောင်ရည် ဆုချီးမြင့်ခံရသော မြဧကရီ ကုမ္ပဏီပိုင်ရှင်ဦး မြတ်သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ ဒေသခံ တွေကို သူ ကိုယ်တိုင်သွားရောက်  တွေ့ဆုံခဲ့ပါတယ်။ ကုမ္ပဏီမှ စိုက်ပျိုးရေးနည်းပညာအပြင် ဒေသခံတွေ လိုအပ်တဲ့  ရင်းနှီးမတည်ငွေကိုလည်း ထုတ်ပေးမယ်လို့ပြောပါတယ်။

“ ကျနော်တို့ရွာသူရွာသားတွေအတွက် အကျိုးရှိတာတွေ လုပ်ပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတောင်းတဲ့ ကျနော်တို့ရဲ့ လယ်ယာမြေ တွေကို ပြောင်းဖူးဘဲစိုက်မယ်ဆိုရင်တော့  ကျနော်တို့ ဒေသခံတွေ အတွက် တိုးတက်မှု မရှိလောက်ဘူးလို့ကျနော်ထင်ပါတယ်” လို့ တနီးလားလဲ ရွာသားတဦး ဖြစ်တဲ့ ဦးဘောရယ် ကပြောပါတယ်။

တနီးလားလဲ ကျေးရွာ ဒေသခံများရဲ့ လယ်မြေတွေဟာ ဘိုးဘွားတွေဆီက အမွေဆက်ခံထားတဲ့ အမွေ အနှစ်ဖြစ် တဲ့အတွက် ဒီမြေတွေကို ကုမ္ပဏီလက် မအပ်နိုင်ဘူး လို့ဆိုကြပါတယ်။

“  မစွန့်လွတ်နိုင်ဘူး။ မက်လုံးသဘော မျိုးနဲ့လာပြီးတော့ စည်းရုံးတယ်လို့ပဲ မှတ်တယ် ” လို့ ဦးမီရယ်က ပြောပါတယ်။

ဒေါကလော်ဒူအုပ်စု အတွင်း ဒေသခံများလုပ်ကိုင်လျှက်ရှိသော မြေယာများမှာ ခန့်မှန်းခြေ ဧက ၁၀၀၀ ၀န်းကျင်တွင်း သာရှိကြောင်း အုပ်စုအုပ်ချုပ်ရေးမှူး ဦးမီရယ်က ပြောပါတယ်။

မြဧကရီကုမ္ပဏီမှ  စိုက်ပျိုးရေးနည်းပညာဖြန့်ဝေပေးမယ်ဆိုတဲ့ တနီးလားလဲကျေးရွာ ကလယ်ယာမြေတွေ ဟာ ကယားပြည်နယ်၏ သမိုင်းဝင် အထင်ကရ   ကန်ခုနှစ်ဆင့် ရေကန်နဲ့ နီးတဲ့အတွက်  ကန်ရေကို စိုက်ပျိုးရေးအတွက်အသုံးပြုဖို့စီစဉ်ထားကြကြောင်းလဲသိရပါတယ်။ တဖက်တလမ်းကလည်း ဒီ ကန်ခုနှစ်ဆင့် ရေကန်ကို နိုင်ငံခြားဧည့်သည်တွေလည်ပတ်နိုင်မယ့်နေရာတခုဖြစ်အောင် ပြုပြဖို့အစိုးရက အစီအစဉ်ရှိတယ် လို့လည်းကြားသိရပါတယ်။

Most read this week