အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပါတီဝင်ဟောင်းများဖြင့် အသစ်ပြန်လည်ဖွဲ့စည်းထားသော ကယားလူမျိုးစုံ ဒီမိုကရေစီပါတီသည် တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်ရန် တရားဝင်မှတ်ပုံတင်ထားကြောင်း ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ စောဒယ်နရယ်က ပြောသည်။
“ကျနော်တို့ မှတ်ပုံတင်ရရှိဖို့ ဧပြီလ ဒုတိယပတ်က နေပြည်တော်ကို လျှောက်ထားခဲ့တယ်။ အခုဆိုရင် ပြည်နယ် အထူးစုံစမ်း ရေးဌာနက စစ်ဆေးမှု ပြီးစီးပြီးဖြစ်လို့ မှတ်ပုံတင်ကျမယ့်ရက်အတိအကျ မ ပြောနိုင်သေးပေမယ့် မကြာမီ ကျလာတော့မယ်လို့ ကြားနေရပါ တယ်” - ဟု ဆိုသည်။
ယင်းသို့ တိုင်းရင်းသားပါတီအဖြစ် လျှောက်ထားခြင်းကို ကယန်းပြည်သစ်ပါတီမှလည်း ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ပါတီတိုးလာခြင်းအပေါ် ကြိုဆိုပါကြောင်း ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းနိုင်စိုးက ပြောကြားသည်။
ဦးသန်းနိုင်စိုးက - “တိုင်းရင်းသားပါတီတွေဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခိုင်ခိုင်မာမာ ပုံဖော်နိုင်မယ်လို့ မျှော်လင့်သလို စစ်မှန်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ပြည်နယ်တွင်းက ဒီမိုကရေစီပါတီ အင်အားစုတွေအားလုံး လက်တွဲကြဖို့ လိုပါတယ်” ဟု ပြောဆိုသည်။
NLD ပါတီဝင်ဟောင်းများဖြစ်ကြသည့် ကယားလူမျိုးစုံဒီမိုကရေစီပါတီဝင်များသည် ဗဟို NLD ၏ လမ်းညွှန်မှု များ ကို မနှစ်သက် ဟုဆိုကာ ဗဟိုညီလာခံ စတင် မကျင်းပမီ တစ်ရက်အလို ယခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကြောင်းကို မီဒီယာများသို့ ကြေညာခဲ့သည်။
လက်ရှိ ကယားလူမျိုးစုံဒီမိုကရေစီပါတီတွင် ဗဟိုကော်မတီဝင် ၁၆ ဦးဖြင့် ဖွဲ့စည်းထားပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် မြန်မာနိုင်ငံ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိသည်ဟု သိရသည်။