ယခုနှစ်တွင် ကျရောက်သည့် ၉ ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေးနှီးနှောဖ လှယ်ပွဲကို ယခု မေလ ၂၇ ရက်မှ ၃၁ ရက်နေ့ အထိ ကျင်းပသွားမည်ဟု သိရသည်။
ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနှီးနှောဖလှယ်ပွဲ၏ ကျင်းပရေးကော်မတီမှ ၎င်းနှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည့် ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်းများထံသို့ ဧပြီလ ၃၀ ရက်နေ့စွဲဖြင့် ပေးပို့သော ဖိတ်ကြားစာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။
ယခုပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသည် စည်းလုံးညီညွှတ်ရေးရှေးရှုပြီး ကရင်တမျိုးသားလုံး ကိုယ့်ကံကြမ္မာဖန် တီးရေးအတွက် တူညီသည့် ရည်မှန်းချက် ချမှတ်သွားကြရန် နှီးနှောဖလှယ်ပွဲ၏ ကျင်းပရေးကော်မတီ ဥက္ကဌ စောလှထွန်းက ဖိတ်ကြားစာတွင် ထည့်သွင်းရေးသားထားသည်။
ထို့အပြင် နှီးနှောဖလှယ်ပွဲ တက်ရောက်မည့်သူများအနေဖြင့် ကရင်တမျိုးသားလုံး စည်းလုံးညီညွှတ်ရေး၊ နိုင်ငံရေးတွင် ခင်းရမည့်လမ်းနှင့် ပန်းတိုင်သို့ လျှောက်လှမ်းခြင်း၊ ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှု အစီအ စဉ်များ၊ လူသားချင်းစာနာထောက်ထားမှုများနှင့် အထက်ပါ အကြောင်းအရာများကို အဖွဲ့အစည်းအားလုံး ထောက်ခံပံ့ပိုးရမည့် တာဝန် စသည့်အချက် ၅ ချက်တို့ကို ဆွေးနွေးသွားရန်လည်း ကျင်းပရေးကော်မတီ၏ ဖိတ်စာထဲတွင် ဖော်ပြထားသည်။
ဖိတ်ကြားခံထားရသည့် အဖွဲ့အစည်းများသည် နှီးနှောဖလှယ်ပွဲသို့ ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခွင့်ရှိပြီး နှီးနှောဖလှယ်ပွဲ မကျင်းပမီ မေလ ၂၃ ရက်နေ့နောက်ဆုံးထား၍ တက်ရောက်မည့် ကိုယ်စားလှယ်နှစ်ဦး၏ အမည်စာရင်းများကို အမှီပို့ပေးရန် လည်း ၎င်းကျင်းပရေးကော်မတီက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၂ခုနှစ်က ၈ ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲကို Karen Worldwide Conference အမည်ဖြင့် ဖာပွန်ခရိုင်အတွင်းရှိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတနေရာ၌ ကျင်းပပြု လုပ်ခဲ့သည်။