သင်္ကြန်လွန်သော်လည်း စာပေဟောပြောပွဲများ ရခိုင်တွင် ဆက်လက်ကျင်းပနေ

သင်္ကြန်လွန်သော်လည်း စာပေဟောပြောပွဲများ ရခိုင်တွင် ဆက်လက်ကျင်းပနေ
by -
နိရဥ္စရာ

နတ်တော် စာဆိုတော်လ ရာသီ လွန်လာခဲ့သည်မှာ သုံး လေးလခန့် ရှိလာပြီ ဖြစ်သော်လည်း ရခိုင်တွင် စာပေ ဟောပြောပွဲများကို ဆက်လက် ကျင်းပ နေရဆဲ  ဖြစ်ကြောင်း သတင်း ရရှိသည်။

ရခိုင်မှ စာပေဟောပြောပွဲ တစ်ခု (ဓါတ်ပုံ- နိရဥ္စရာ)

ဧပြီလ ၂၇ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာတွင် စာပေဟောပြောပွဲကို ပြုလုပ်ခဲ့ ရာ ရခိုင်စာရေးဆရာ (၃) ဦးက သွားရောက်ဟောပြောခဲ့ရသည်ဟု ဆိုသည်။

တိမ်ညို စာပေဟောပြောပွဲသို့ သွားရောက်ဟောပြောခဲ့သူ စာရေးဆရာမ ပံသုခင်က ယခုလို ပြောသည်။

“ ကျွန်မရယ်၊ ဆရာ သူမြတ် မဟာအောင်မြေနဲ့ မင်းပြား မင်းသိန်းဇံတို့ သွားရောက် ဟောပြောခဲ့ပါတယ်။ ဧပြီလ ၂၇ ရက်နေ့က ကျင်းပတာ ဖြစ်ပါတယ်။ ပထဆုံး အကြိမ် လုပ်တာ ဖြစ်ပါတယ်။ အထူး စည်ကားပါ တယ်။ လူပေါင်း ၄၀၀ ကျော်၊ ၅၀၀ နီးပါးရောက်ပါတယ်” ဟု ပြောသည်။

ဆရာမ ပံသုခင် အနေဖြင့် “ ရခိုင်အမျိုးသမီး စာဆိုတော်များ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ဟု ဆိုသည်။

“ စာပေဟောပြောပွဲ ပြုလုပ်တဲ့ အတွက် ဒေသခံ ပြည်သူတွေ အကြားမှာ စာပေ ဗဟုသုတ အတွေးအမြင် ဆင်ခြင်တုံတရားတွေ ရရှိပါတယ်။ ကျွန်မတို့ကတော့ ရခိုင်အမျိုးသားတွေ ခုလို စာပေဟောပြောပွဲတွေကို ဆထက်တံပိုး စိတ်ဝင်စားလာတဲ့ အပေါ် အားရကျေနပ်မူ ရှိပါတယ်” ဟု ဆိုသည်။

ယခင်က စာပေ ဟောပြောပွဲများကို မြို့ပေါ်တွင်သာ ပြုလုပ်ခဲ့ရာမှ ယခုအခါ ကျေးလက်တောရွာများတွင်ပါ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြာသည်ဟု ဆရာ သူမြတ် မဟာအောင်မြေက ဆိုသည်။

“ အဓိကတော့ အမျိုးသားရေးနဲ့ဆိုင်တဲ့ သမိုင်းအကြောင်းအရာတွေ အပေါ်မှာ လူတွေက တော်တော် စိတ်ဝင်စားကြတယ်။ ဇာတိသွေး ဇာတိမာတက်ကြွစေတဲ့ စာပေတွေ အပေါ် လူတွေက အထူး အာရုံစိုက်လာ တာကို တွေ့ရတယ်။  ဒါကြောင့် အရင်က မြို့ပေါ်တွေမှာသာ စာဆိုတော်လ နတ်တော်လမှာ ပြုလုပ်လေ့ ရှိတဲ့ စာပေဟောပြောပွဲတွေကို အခုအခါ မြို့ရွာ အနှံ့မှာ ပြုလုပ်လာတာကို တွေ့နေရပါတယ်” ဟု ဆိုသည်။

ဆရာ သူမြတ် မဟာအောင်မြေ အနေဖြင့် ယခုနှစ်တွင် စာပေဟောပြောပွဲ ၁၉ ပွဲ ဟောပြောခဲ့ရပြီး ဆရာမ ပံသုခင် အနေဖြင့် ၁၇ ပွဲခန့် ဟောပြောခဲ့ရသည်ဟု သိရသည်။

Most read this week