နာဂစ်ဒဏ်သင့် ဘိုးဘွားများအတွက် နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဆောက်မည်

နာဂစ်ဒဏ်သင့် ဘိုးဘွားများအတွက် နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဆောက်မည်
by -
မဇ္စျိမ

နာဂစ်ဒဏ်သင့် ဘိုးဘွားများနှင့် ခိုကိုးရာမဲ့ ဘိုးဘွားများအား ရည်ရွယ်ကာ နာဂစ်ဆည်းဆာ ဘိုဘွား ရိပ်သာအား တည်ထောင်မည်ဟု အသက် ရ၈ နှစ် အရွယ်ရှိ ဒေါ်ရှု(ပြည့်သူ့ဂုဏ်ရည်) မှ ပြောသည်။

၎င်းက “ အခုရိပ်သာ တည်ဆောက်ဖို့ ဦးရှမ်းအောင်မြင်က ပြုပြင်ပြီးသား မြေယာ ၆ ဧက လှူထားပါတယ်။ အခုအုတ်တသောင်းခွဲ ကျောက်ကျင်း ၈၀ နဲ့ ပိုက်ဆံ ၂,၅၀၀,၀၀၀ ကျပ် စုမိထားပါတယ်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာအား ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀၀ နီးပါး ရှိသော ကဒုံကနိကျေးရွာတွင် တည်ဆောက်မည်ဖြစ်ပြီး ဓမ္မာရုံ၊ ထမင်းစားဆောင်နှင့် အဖိုးဆောင် ၊ အဖွားဆောင် စသည်ဖြင့် စုစုပေါင်းလေးဆောင် တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း ဒေါ်ရှုက ဆိုသည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာ ဖြစ်မြောက်ရေးကော်မတီအား အဖွဲ့ဝင် ၁၅ ယောက်ခန့်ဖြင့် ဖွဲ့စည်း ထားသည်။

ရွှေတွံတေး ဆရာတော်မှ နာယကအဖြစ် ပါ၀င်ကာ ငွေ ၁၀ သိန်းကျော် လှူဒါန်း ထားကြောင်း သိရသည်။ ဘိုကလေးမြို့နယ် စက်စမ်းကျေးရွာ ရှိ ရှေ့ကျောင်း လက်ထောက် ဆရာတော် ဦးကာတုံည မှလည်း မေ ၉ ရက်တွင် ကျင်းပမည့် တရားပွဲမှ ရရှိလာသော အလှူငွေများအား နဝကမ္မ အလှူငွေ အဖြစ် ဘိုးဘွားရိပ်သာ ကော်မတီသို့ လှူဒါန်းမည့်အပြင် ဦးကျော်သူ(နာရေးကူညီမှု အသင်း) မှလည်း ဘိုးဘွား ရိပ်သာရှိ ဘိုးဘွား များ၏ ကျန်းမာရေးကိစ္စအား ကူညီပေးရန် ပြောထားကြောင်း သတင်းရရှိသည်။

ဒေါ်ရှုက “ နာဂစ်ဖြစ်ပြီး ငါးရက်လောက်နေတော့ နာဂစ်ဖြစ်တဲ့ ဒေသတွေကို သွားပြီးလှူဒါန်းဖြစ်ရာကမြင်တွေ့ လာရတဲ့ ခိုကိုးရာမဲ့ ဘိုးဘွားတွေကို မြင်တွေ့ရာကနေ ဒီလိုမျိုး ဘိုးဘွားရိပ်သာ တည်ဆောက်ဖို့စိတ်ကူးဖြစ် တာပါ“ ဟု ရှင်းပြသည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာအား ပန္နက်ရိုက်ရန် ရက်အား အတိအကျ မသတ်မှတ် ရသေး သော်လည်း ထိုင်းနိုင်ငံမှ ဘုန်းကြီးများမှ လာရောက် ပန္နက်ရိုက်ပေးမည် ဖြစ်ကြောင်း ဒေါ်ရှုမှ  တဆင့် သိရသည်။

ရိပ်သာ တည်ဆောက်ရန် ဦးဆောင်သူ ဒေါ်ရှုသည် ၂၀၁၁ ခုနှစ်တွင် ရွှေဝါရောင် တော်လှန်ရေးတွင် ပါ၀င်သော သံဃာတော်များအား ကူညီခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ မိသားစုများမှပေး အပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို ရရှိခဲ့သည်။

နာဂစ်ဆည်းဆာ ဘိုးဘွားရိပ်သာတွင် လှူဒါန်းလိုသူများ အနေဖြင့် ဒေါ်ရှု (ပြည့်သူ့ဂုဏ်ရည်) ၀၉ - ရ၃၀၆၆၁၇၉ သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

Most read this week