ပြည်သူ့စစ်နှင့်ပူးပေါင်းသည့် မြန်မာစစ်တပ် လွယ်စေးတောင် SSPP တပ်စခန်းအား ညလုံးပေါက်တိုက်ခိုက်

ပြည်သူ့စစ်နှင့်ပူးပေါင်းသည့် မြန်မာစစ်တပ် လွယ်စေးတောင် SSPP တပ်စခန်းအား ညလုံးပေါက်တိုက်ခိုက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ သျှမ်းပြည်တပ်မတော်၏ လွယ်စေးတပ်စခန်းအား  အစိုးရတပ်က ယမန်နေ့ညမှ ယနေ့မနက်ပိုင်းအထိ အပြင်းအထန်တိုက်ခိုက်နေကြောင်း SSPP သတင်းရပ် ကွက်ကဆိုပါသည်။

“ မနေ့ည ရ နာရီကျော်ကျော်က ကျနော်တို့စခန်းကိုစတိုက်တယ်။ ညလုံးပေါက်ပစ်တယ်။ ဒီမနက် ၅ နာရီမှာ လဲ ကျနော်တို့ စခန်းဆီ ရှေ့တိုးချဉ်းကပ်လာတယ်။ အခု ၉ နာရီ ၁၀ နာရီအထိ တိုက်နေရသေးတယ်။ အသေအပျောက် သတင်းတော့ မရသေးဘူး” ဟု SSPP/SSA ဌာနချုပ် ပြန်ကြားရေးအရာရှိတဦး ကပြောသည်။

မေလ ၂ ရက် ည ရ နာရီ ၁၅ မိနစ်က ဒေသတွင်းလားဟူပြည်သူ့စစ်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မ တော် ပူးပေါင်းစစ် ကြောင်းတကြောင်းက သျှမ်းပြည်တပ်မတော် တပ်စခန်းရှိရာ လွယ်စေးတောင်ကြော အနောက်ဘက်ခြမ်းသို့ တက်လာရာ မတ်ဝေါင်းရွာ တောင်ဘက် ဖတ်းတမ်လိုင်းအရပ်၌ နှစ်ဘက်ထိပ်တိုက်ရင်ဆိုင်ကာ တညလုံး ပစ်ခတ်တိုက်ခိုက် မှုရှိခဲ့ကြောင်း ဆိုပါသည်။

ယနေ့မနက်ပိုင်း မေလ ၃ ရက် မနက် ၅ နာရီ မိနစ် ၄၀ တွင်လည်း အဆိုပါပါ စစ်ကြောင်းသည် SSPP/SSA တပ်စခန်းရှိရာ သို့ ရှေ့ဆက်တိုးလာရာ မနက် ၉ နာရီကျော်အထိ တိုက်ပွဲများဆက်ဖြစ်နေသေးကြောင်း SSPP ကပြောသည်။

“ ကျနော်တို့အခု တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသတဝိုက်မှာ မြန်မာစစ်တပ်က အင်အား ၂၀၀ နီးပါးရှိတယ်။ သူတို့ကိုလမ်းပြပေးဖို့ သူတို့အစားအသေခံဖို့ လားဟူပြည်သူ့စစ်၊ ဗိုလ်မွန်းပြည်သူ့စစ် ၊ လောမားပြည် သူ့စစ်တွေကို တဖွဲ့ အယောက် သုံးလေး ဆယ် ဆင့်ခေါ်လာတယ်လေ။ ဒါကျနော်တို့ တမြေတည်းနေ တဲ့လူအချင်းချင်းကို ရန်တိုက်ပေးနေတာဘဲလေ” ဟု SSPP ရှေ့တန်းရောက်တပ်မှူးတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

အစိုးရတပ်၏ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ရမခ နှင့် ခိုလမ်မြို့နယ်ခွဲအခြေစိုက် ရလခ တိုင်းတို့မှ  စစ်ဆင်ရေး ဌါနချုပ် (၅) ခု လက်အောက်ခံ တပ်ရင်းစုစုပေါင်း (၁၅) ရင်း၊ အင်အား ၂၀၀၀ ကျော်တို့က မိုင်းရှုးမြို့နယ် မိုင်းအွတ်တိုက်နယ် နှင့် တန့်ယန်းမြို့နယ် နမ့်လောဝ်း မိုင်းကောဝ်တိုက်နယ် ကြားဒေသသို့ ပို့ဆောင်ကာ အခြေပြုလှုပ်ရှားနေပြီး မြေပြင်/ဝေဟင် လက်နက်ကြီးရင်းများလည်း အသင့်ပြင်ဆင်နေကြောင်း၊ ခုခံကာကွယ်ရန် အသင့်ဖြစ်နေကြောင်း SSPP/SSA ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါသည်။

Most read this week