အုပ်စုဥက္ကဌမှဦးဆောင်၍ ဒေသတွင်း ကိုယ့်အားကိုယ်ကိုး မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးအဖွဲ့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်၌ ထပ်မံပေါ်ပေါက်လာရာ တိုက်ဖျက်မှုမှာ ထိရောက်အောင်မြင် မှုရှိသည်ကိုတွေ့ ရကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။
“ နောင်လျန်အုပ်စု ဥက္ကဌ စိုင်းအောင်စိုးက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ လူကြီးမိဘတွေနဲ့လက်တွဲပြီး မူးယစ်ဆေးတိုက်ဖျက် ရေးလုပ်နေတယ်။ ဆေးသုံးသူ ဆေးရောင်းသူတွေကိုဖမ်းမိရင် ကျောက်တူးခိုင်းတယ်။ လမ်းပြင်ခိုင်းတယ်။ ထိရောက် အောင်မြင်မှု တွေ့ရပါတယ်။ အဲတာ ကျနော် တို့လို မိဘတွေအနေနဲ့ သိပ်ကျေးဇူးတင်မိတယ်။ တကယ့်ကိုအကျိုးရှိတဲ့ အလုပ်ဖြစ်တယ်။ အုပ်စုဥက္ကဌကိုလဲ ဆက်လုပ်သွား ဖို့အားပေးတယ်။ ကျနော်တို့ဘက်ကလဲ တတပ်တအား ပါဝင်လက် တွဲကူညီသွားမယ်” ဟု သားသည် ဖခင်တဦးဖြစ်သော ဦးလုံးဖစ် ကပြောသည်။
ယခုနှစ်ဆန်းကစ၍ တန့်ယန်းမြို့နယ် နောင်လျန်ကျေးရွာအုပ်စုအတွင်း (ကိုယ့်အားကိုယ်ကိုး) မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ငန်း စတင်လှုပ်ရှားလာခြင်းဖြစ်ကြောင်း၊ ထိုဒေသတွင် ဗိုလ်မွန်းဦးဆောင်သော မန့်ပန်ဌာနေပြည်သူ့စစ်လှုပ်ရှားသည့် ဒေသဖြစ်ကြောင်း တန့်ယန်းဒေသခံ စိုင်းနုကလည်းပြောပါသည်။
“ ဒါလူထုကောင်းကျိုးအတွက်ဘဲဗျာ။ ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ်မဆို ကျနော်တို့နဲ့ လက်တွဲနိုင်ပါတယ်။ အမြဲတမ်းလက်ကမ်း ကြိုဆိုလျက်ပါ” ဟု ဦးလုံးဖစ်က ဆက်လက်ပြောပြသည်။
ထိုသို့သော ကိုယ့်အားကိုယ်ကိုး မူးယစ်တိုက်ဖျက်ရေးလုပ်နေသောအဖွဲ့ ၂၀၁၂- ၂၀၁၃ အတွင်း အများအပြား ပေါ်ပေါက်လာသည်ကို တွေ့ရသည်။
သျှမ်းပြည်မြောက်ပိုင်းတွင် မူစယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ်ဒေသ၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ နှင့် နမ္မတူမြို့နယ် မိုင်းယင် ဒေသ တို့တွင်လည်း ကိုယ့်အားကိုယ်ကို မူးယစ်တိုက်ဖျက်ရေးအဖွဲ့ အသီးသီးဖွဲ့စည်းခဲ့ကြသည်။ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်ဘက်တွင်မူ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ကျေးလက်ဒေသခံများနှင့် လက်တွဲဖေါ်ဆောင်မှုတွင်လည်း ထိရောက်အောင်မြင်သည်ဟု ဆိုသည်။
မုံးပေါ်ဒေသတွင် ဒေသခံအမျိုးသမီးအဖွဲ့က ဦးဆောင်၍ မိုင်းဝီးဒေသနှင့် မိုင်းယင်ဒေသတွင်မူ ဒေသခံလူငယ်များက တက်ကြွလှုပ်ရှားခြင်းဖြစ်သည်။ အာဏာရ အစိုးရဌာနဆိုင်ရာများက လက်တွဲခြင်း အကူအညီပေးခြင်းများ ပြုလုပ်ပါက ပိုမို ထိရောက်အောင်မြင်မည်ဟု မိုင်းဝီးဒေသခံ အိုက်ပီး ကပြောသည်။
“ ကိုယ့်အားကိုယ်ကိုးမူးယစ်ဆေးဝါး ပေါ်ပေါက်လာတဲ့နေရာတွေကိုပြန်ကြည့်မယ်ဆိုရင် ပြည်သူ့စစ်ထိန်းချုပ် တဲ့ နယ်မြေ တွေမှာဖြစ်နေတယ်။ များသောအားဖြင့် အခုလို လက်တွေ့ထလုပ်နေမှုတွေဟာ အောင်မြင်မှုရှိ တာတွေ့ရတယ်။ ၄၀ ရာခိုင် နှုန်းလျှော့ကျသွားတာတို့ဘာတို့ကြားနေရတယ်။ လဲချားမှာဆိုရင်လဲ RCSS က ထိန်းချုပ်နိုင်တဲ့ ကျေးလက်မှာ မူးယစ်ဆေး ဝါး ရောင်းဝယ်သုံးစွဲမှုတော်လေးလျှော့သွားတယ် ပြောတယ်။ ဒါပေမယ့် RCSS လက်လှမ်းမမှီနိုင်တဲ့ မြို့တွင်းပိုင်းမှာ ကျတော့ မူးယစ်ဆေးက ပေါနေတုန်းမို့ ရွာကလူတွေ မြို့တက်ပြီး သုံးကြတယ်။ အဲလိုမျိုးတွေတွေ့နေရသေးတယ်။ ဒါကြောင့် မူးယစ်ဆေးကို တကယ် ပပျောက်စေချင်ရင် အားလုံးလက်တွဲ မှရမှာ” ဟုလည်း လဲချားမြို့နေ ရပ်မိရပ်ဖတဦးက သုံးသပ် ပြောဆို ပါသည်။
ဦးသိန်းစိန်အစိုးရ၏ မူးယစ်ဆေးဝါးဆန့်ကျင်တားဆီးရေးဆိုင် အမိန့်ကြေငြာစာ ၁၇/၂၀၁၁ အရ နိုင်ငံ တော်အကြီးအကဲ အဆင့်မှ ရပ်ကွက်ကျေးရွာအုပ်စု အဆင့်အထိ မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်ရန် အဖွဲ့ အစည်း ဖွဲ့စည်းပိုင်ခွင့်ရှိသည်ဟု ထုတ်ပြန်ကြေငြာထားဖူးပါသည်။