မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် ပတ်သက်၍ နောင် လာမည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ ထုတ်ဖော်မည့် အလုပ်ရုံဆွေးနွေးပွဲတခုကို ကုလသမဂ္ဂ လူကုန်ကူးမှုဆိုင်ရာ ပရောဂျက် UNIAP Myanmar နှင့် လူကုန်ကူးမှု တားဆီးရေး ဗဟိုအဖွဲ့တို့ နေပြည်တော်တွင် ပူးပေါင်းကျင်းပကြသည်
မေလ ၂ ရက်နှင့် ၃ ရက်နေ့များတွင် ကျင်းပမည့် ထိုဆွေးနွေးပွဲသို့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် အစိုးရ ဝန်ကြီးဌာနများအပြင် UNICEF၊ UNIAP၊ ILO၊ IOM၊ World Vision၊ AFXB၊ MTV EXIT၊ Walk Free၊ လူမှုရေး အဖွဲ့များနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးကြမည် ဖြစ်သည်။
၂၀၀၄ ခုနှစ်မှ စတင်၍ အကောင်အထည် ဖော်ခဲ့သော မဲခေါင် ဒေသတွင်း ၆ နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ချမှတ်ခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်အပေါ် ပြန်လည်သုံးသပ်မှုတရပ်အဖြစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်နှင့် နေပြည်တော် မြို့ကြီးများ၌ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းမှုများကို လေ့လာသုံးသပ်မည့် ကျွမ်းကျင်သူများက ပြုလုပ်ကြသည်။ ထိုသို့မေးမြန်းရာတွင် လူကုန်ကူးမှု ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွင် တာဝန်ယူခဲ့သော အစိုးရ ဌာနဆိုင်ရာ အကြီးအကဲဟောင်းများနှင့် လက်ရှိ ဝန်ထမ်းများ၊ နိုင်ငံတကာနှင့် ကုလအဖွဲ့များမှ တာဝန်ရှိသူများအပြင် လူမှုအဖွဲ့အစည်းများလည်း ပါဝင်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း လူကုန်ကူးခံရသူများ၏ လေးပုံတပုံမှာ ကလေးငယ်များ ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာက ဆိုသည်။
ထိုအစီရင်ခံစာအရ ၂၀၁၁ ခုတွင် လူကုန် ကူးမှုပေါင်း ၁၃၆ ခုဖြစ်ပြီး တရားခံ ၃၅၁ ဦးကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကာ လူပေါင်း ၂၆၅ ဦး ကယ်တင် နိုင်ခဲ့သည်။ ကယ်တင်နိုင်ခဲ့ သူများထဲမှ ရ၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရှိရသည်။
ကလေးသူငယ်များကို အများအားဖြင့် အဓမ္မ တောင်းရမ်း ခိုင်းရန်အတွက် လူကုန်ကူးကြပြီး အသက် ၁၆ နှစ်၊ ၁၇ နှစ် ဝန်းကျင်အရွယ် မိန်းကလေးများကိုမူ ပြည့်တန်ဆာ လုပ်ခိုင်းရန်ဟု သိရသည်။
လူကုန်ကူး ခံရသူ စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းသည် အမျိုးသမီးများ ဖြစ်ကြပြီး အများစုမှာ အဓမ္မ လက်ထပ်ထိမ်းမြားပေးရန်ဖြစ်ကာ ဒုတိယ အများဆုံးမှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေရန် ဖြစ်သည်ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ စာရင်းများအရ သိရသည်။
မြန်မာ နိုင်ငံသည် ၂၀၀၄ ခု မတ်လတွင် နိုင်ငံတကာ လူကုန်ကူးမှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၀၅ ခုတွင် လူကုန်ကူးမှု တားဆီးရေး ဥပဒေကို ထုတ်ပြန်ခဲ့သည်။