ထိုင်းကျောင်းသူကို မြန်မာအလုပ်သမားနှစ်ဦး အဓမ္မပြုကျင့် သတ်

ထိုင်းကျောင်းသူကို မြန်မာအလုပ်သမားနှစ်ဦး အဓမ္မပြုကျင့် သတ်
by -
နွယ်လေး
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ တက္ကသိုလ်ကျောင်းသူတဦးအား မြန်မာရွေ့ပြောင်း အလုပ်သမားနှစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်လိုက်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က အလောင်းကို သူမနေထိုင်ရာ အဆောင်ခန်းတွင် တွေ့ရှိခဲ့သည်ဟု မယ်ကျို့ တက္ကသိုလ် ကျောင်းသားတဦးဖြစ်သူ ...

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ တက္ကသိုလ်ကျောင်းသူတဦးအား မြန်မာရွေ့ပြောင်း အလုပ်သမားနှစ်ဦးက အဓမ္မပြုကျင့်ပြီး သတ်လိုက်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က အလောင်းကို သူမနေထိုင်ရာ အဆောင်ခန်းတွင် တွေ့ရှိခဲ့သည်ဟု မယ်ကျို့ တက္ကသိုလ် ကျောင်းသားတဦးဖြစ်သူ ကလာဝစ်စ် ချိုင်းဆွတ်က ပြောသည်။

"ယောက်ျားလေး နှစ်ယောက် သွားပြီး အဓမ္မကျင့်ကြတာ ဒီကျောင်းသူမိန်းကလေးကို။ လက်နဲ့ သူ့ဗိုက်ကို အရင်ထိုးတယ်။ ထိုးပြီး ခေါင်းအုံးနဲ့ မျက်နှာကိုပိတ်ပြီး သတိလစ်အောင် လုပ်တယ်။ သူတို့မသိဘူး အဲဒီမိန်းကလေး သေသွားပြီဆိုတာ။ အဲဒါနဲ့သူတို့က အဓမ္မ ပြုကျင့်ကြတာ။ (၇)ရက်နေ့ည သန်းခေါင်အချိန်မှာ ဖြစ်တာ။"

အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရသူ နန်းဆောဝ်လိုင်းရတ် ဂူဂျဖန်း အသက် (၂၂)နှစ်သည် မယ်ကျို့ တက္ကသိုလ် တွင် စာရင်းကိုင်ဘာသာ တတိယနှစ် ကျောင်းသူဖြစ်သည်။

ချင်းမိုင်ခရိုင် စန်ဆိုင်းမြို့နယ်ရှိ မယ်ကျို့တက္ကသိုလ်တွင် ကျောင်းတက် နေသည့် ကျောင်းသူ တစ်ဦးကို မတရား ကျင့်ခဲ့သည်ဟု ၀န်ခံခဲ့သူ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ််ဦးကို ထိုင်းအာဏာပိုင်များက ချင်းမိုင်ကားဂိတ် ကြီးတွင် ယမန်နေ့က ဖမ်းဆီးမိသည်။

မတရားကျင့်ခဲ့သူသည် တက္ကသိုလ် ကျောင်းဆောင်အနီး တန်းလျားဆောက်နေထိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားဖြစ်သည်ဟုု မယ်ကျို့ကျောင်းသားများက ယူဆသဖြင့် ၎င်းနေရာမှ အလုပ်သမားများအား ယမန်နေ့ညနေ ( ၆ )နာရီတွင် အပြီး ပြောင်းရွှေ့ရန် ထိုင်းတာဝန်ရှိများကို ကျောင်းသားများက ဆန္ဒပြ တောင်းဆိုခဲ့သည်ဟု မယ့်ကျို့မှ ကျောင်းသား တစ်ဦးဖြစ်သည့် ကလာဝစ်စ် ချိုင်းဆွတ် ကပြောသည်။

၎င်းက ဆက်ပြီး  "သူတို့ အခု အကုန်ပြောင်းသွားကြပြီ။ ခုတယောက် ဖမ်းမိပြီ။ နောက်တစ်ယောက် တော့ လွတ်နေတယ်။ ချင်းမိုင် တာဝန်ရှိတွေကို ဥပဒေနဲ့ အညီ စစ်ဆေးပေး၊ အရေးယူဆောင်ရွက် ပေးဖို့၊ မတရားသဖြင့် လုပ်နေတာမျိုးကြောင့် အခြား ထိုင်းလူမျိုး၊ ရှမ်းလူမျိုး အချင်းချင်း အဲလို ပြန်သတ်မိမှာ၊ ဒီလို ဖြစ်ရပ်မျိုး ထပ်မဖြစ်ရအောင် တရားခံ အမြန်ရှာဖွေ ဖော်ထုတ်ဖို့ ခုမနက်ပဲ ရဲဌာနကို သွားပြီး တောင်းဆိုခဲ့တယ်။" ဟုပြောသည်။

မတရားပြုကျင့်ခဲ့သည်ဟု စွပ်စွဲခံထားရသူ နှစ်ဦးအနက် စိုင်းတိဆိုသူကို ဖမ်းဆီးရမိထားပြီး အခြားနောက် တဦးဖြစ်သည့် စိုင်းနွဲ့ဆိုသူမှာ လွတ်မြောက်နေဆဲ ဖြစ်သည်ဟု ထိုင်းသတင်း ဌာနများက ယမန်နေ့တွင် ထုတ် လွှင့်ခဲ့သည်။

သေဆုံးသည့် ကျောင်းသူအလောင်းကို လာမည့် ကြာသပတေးနေ့တွင် သူမ၏ ဇာတိဖြစ်သည့် ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လွေးခရိုင်တွင် ပို့ဆောင် သင်္ဂြီုလ်မည်ဟု သိရသည်။

Most read this week