ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နာရီကြာတိုက်ပွဲဖြစ်

ရှမ်းမြောက်ပိုင်း KIA နှင့် အစိုးရ ၃ နာရီကြာတိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၁၇ နယ်မြေတွင် အစိုးရနှင့် KIA တပ်ဖွဲ့ကြား  ၃ နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အစိုးရတပ် ခလရ ၁၄၅ စစ်ကြောင်းက KIA ၏ တပ်ရင်း ၁၇ နယ်မြေ မနောင်ဘွမ် (Manau Bum) ဘက်လှုပ်ရှား လာသောကြောင့် နှစ်ဘက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း တပ်မဟာ ၄ အရာရှိ တစ်ဦးကပြောသည်။

“ကျနော်တို့နေတဲ့နေရာမှာ အစိုးရတွေလာခဲ့တာလေ။ ကျနော်တို့ရှိတဲ့နေရာမှာလာခဲ့တော့ ကျနော်တို့ပစ်လိုက် တာပေါ့။ ကျနော်တို့ဘက်က ဘာမှမဖြစ်ဘူး။ သူတို့ဘက်က အရမ်းနာသွားတာထင်တယ်။ သူတို့ဒဏ်ရာရတဲ့ လူတွေကို အမြန်လာသယ်ယူဆိုပြီး သူတို့တိုင်းဌာနကို အကြောင်းကြားနေ တာကြားတယ်။ ဒီမနက်တော့ အချင်းချင်းပြန်စောင့်နေကြတယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

၄င်းအစိုးရတပ်ဖွဲ့များသည် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက် ရေးအဖွဲ့ (KIO) ကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပြုလုပ်နေစဉ်အတွင်း တပ်မဟာ ၄ လက်အောက် တပ်ရင်း ၃၄ နယ်မြေ သို့ နေရာယူလာခြင်းဖြစ်ပြီး ယခုချိန် ၃ နေရာတွင် အစိုးရတပ်စခန်းချထားလိုက်ပြီ ဖြစ်ကြောင်း အထက်ပါအရာရှိကပြောသည်။

“သူတို့စခန်းပြန်ချတာတွေက မန်တုန် (Mandong) အောက် ဟူတုန်းမှာ စခန်းတစ်ခု၊ ခွန်ခါးမှာတစ်ခု ပြီးတော့ ဟူမုန်းဆိုတဲ့နေရာမှာ စခန်းတစ်ခုချထားပြီ။ ဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာ သူတို့က နေရာတိုင်းမှာ နေရာယူ စခန်းချလာတဲ့သဘောပဲ”

ဧပြီ ၁၉ ရက် ၂၀၁၃ ယနေ့ ၁၁ နာရီဝန်းကျင်ကလည်း လားရှိုးဘက်မှ မူစယ် ၁၀၅ မိုင်ဘက်သို့ စစ်သည်များ၊ မြင်း နှင့် လားများပါတင်ဆောင်သော ကား ၁၀ စီး က ထပ်ရောက်လာကြောင်း သိရသည်။

၄င်းသည် အစိုးရတပ်ဖက်မှ  လူအလဲအလှယ်လုပ်ခြင်းမဟုတ်ပဲ အင်အားတိုးချလာခြင်းသာဖြစ်သည်ဟု KIA အရာရှိကပြောသည်။

“ခုနကပဲ စစ်သားတွေတင်ထားတဲ့ စစ်ကား ၁၀ စီး ၁၀၅ မိုင်ကိုဝင်လာတယ်လို့ သတင်းရောက်တယ်။ အဲဒီကနေ ကချင်ပြည်နယ်ဘက်ကိုသွားမလား။ မဟုတ်ရင် မုန်ဂိုဘက်ကို ထိုးစစ်ဆင်မလား အဲဒါက ကောင်းကောင်းမသိဘူး။ သူတို့က လူအပြောင်းအလဲ လုပ်သလားဆိုရင်လဲ မဟုတ်ပြန်ဘူး။ လာတိုးချထားတာ။ မြင်းတွေပါတယ်ဆိုတော့ တောင်ပေါ်တွေမှာ ၀င်ဖို့စီစဉ်တာပေါ့”

ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေတွင် သင်္ကြန်ရက်ကာလအတွင်း တိုက်ပွဲများ ငြိမ်သက်နေသော်လည်း သင်္ကြန်အပြီး ယမန်နေ့မှ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

အစိုးရနှင့် KIO ကြား မတ်လ ရွှေလီဆွေးနွေးပွဲတွင် ဧပြီလ ၁၀ ရက်နေ့မတိုင်မီ ပြန်လည်တွေ့ဆုံရန်သဘောတူထား မှု ပျက်ပြားပြီးနောက် သင်္ကြန်နောက်ပိုင်းတွေ့ဆုံရန် ပြောဆိုမှုရှိနေသော်လည်း သေချာမှုမရှိသေးကြောင်း KIO အရာရှိများကပြောသည်။

Most read this week