ရေမရ၍ နွေစပါးစိုက်ဖို့ ကရင်နီလယ်သမားများ အခက်တွေ့

ရေမရ၍ နွေစပါးစိုက်ဖို့ ကရင်နီလယ်သမားများ အခက်တွေ့
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ) ပြည်နယ် ဒီးမောဆိုမြို့နယ် အတွင်းရှိ ဒေါဘူးကူးအုပ်စု အနီးတဝိုက်ရှိ လယ်တွေမှာ နွေစပါး စိုက်ပျိုးရန် ရေအလုံအလောက်မရတဲ့အတွက် တောင်သူလယ်သမားတွေ အခက်အခဲကြံု တွေ့နေရတယ်လို့ ဆိုပါတယ်။

ထိုကဲ့သို့ရေမလုံလောက်သည့်အတွက် ဒေသခံတွေရဲ့ နွေစပါးစိုက်ပျိုးရန် ပျိုးထားသော ပျိုးပင်များမှာ ပျက်စီးသွားကြပြီး ထွန်ယက်ထားသော လယ်များမှာလည်း ပြန်လည်ခြောက်သွေ့သွားကြတယ်လို့ လည်းဆိုပါတယ်။

“ကျနော်တို့စိုက်ပြီဆိုရင်တော့ ရေမလောက်ဘူးဆိုရင် ကျနော်တို့ထွန်ယက်ထားတဲ့ လယ်တွေက ပြန်ခြောက်ကုန်တယ်လေ။ အဲလိုခြောက်သွားတာအပြင် အခုကျနော်တို့ ပျိုးထားတဲ့ ပျိုးပင်တွေက သေကုန်တယ်။ အဲဒီလို အများကြီးဆုံးရှုံးရတဲ့အတွက် ကျနော်တို့အတွက် အခက်ခဲအများကြီး ရှိတာပေါ့” လို့ လားလဲရွာမှ ဦးဗျားရယ်က ဆိုပါတယ်။
နွေစပါးစိုက်ပျိုးဖို့ အတွက် လယ်ယာဆည်မြောင်းဦးစီးဌာနက စပါးမျိုးစေ့၊ ထွန်ယက်စိုက်ပျိုးရေးအတွက် ဒီဇယ်ဆီများ ချပေးခဲ့ပြီး စပါးပေါ်ချိန်မှာ အဲဒီအဖိုးအခအတွက် စပါး ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။  ယခုလို ရေလုံလုံလောက်လောက် မရတဲ့အတွက် လယ်အထွက် မကောင်းမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ဆိုပါတယ်။

“ကျနော်တို့အတွက် ရေအလုံအလောက်ရှိရင်တော့ ကျနော်တို့ အားလုံးက လုပ်ချင်ပါတယ်။ ဒါပေမဲ့လို့ ကျနော်တို့က ဒီလိုခံ လာရတာတွေ များနေတာပေါ့နော။ နှစ်နှစ် သုံးနှစ်လောက် ခံလာရပြီးပြီလေ။ ကျနော်တို့ကို ဒီလိုလုပ်ခိုင်းတယ်။ ဒါပေမဲ့ ရေကို ကျနော်တို့အတွက် သေချာ မလုပ်ပေးဘူး။ လုပ်ပြီးလို့ ကျနော်တို့အတွက် ရေရှာပေးပါလို့ပြောတဲ့အခါ ဟိုပြောဒီပြော ပြောပြီးတခါမှ လာပြီးကွင်းဆင်းတာမတွေ့ရဘူး။ အဲဒါကြောင့် ကျနော်တို့ ဆုံးရှုံးတာ များနေပြီလေ။ “ လို့ ဒေါဘူးကူးအုပ်စုမှ လယ်သမား ဦးငါးရယ်ကပြောပါတယ်။

ဒေါဘူးကူးအုပ်စုအတွင်းရှိ လယ်ဧက ၉၀၀ ကျော်သည် မိုးဗြဲဆည်မှ သွယ်ယူလာသော ချောင်း တူးမြောင်းမှတဆင့် ရေများကို ပိုက်များမှ ပြန်လည်သွင်းယူနေကြပါတယ်။ အခုလို လယ်သမားများ နွေစပါးစိုက်ပျိုးရန် ရေလုံလောက်စွာမရရှိတဲ့အပေါ်မှာ ဆည်မြောင်းဦးစီးဌာနကို မေးမြန်းကြည့်တဲ့အခါမှာတော့ …

“အခုကျနော်တို့ ဘာလုပ်နေလဲဆိုတော့ ကျနော်တို့မှော်ဆယ်နေတယ်။ မှော်ဆယ်နေတော့ ရေကနည်းနည်းလေး… မှော်ဆယ်ပြီး ရင်တော့ ရေကရမှာ။ မှော်ဆယ်တာလည်း တရက်ပဲ။ တရက်နှစ်ရက်ပြီးရင် ရေရမယ်။ နောက်ပြီးဒီဟာတွေက အမှန်ပြောရင် တော့ အထက်ပိုင်းက လူတွေက ပြောလို့မရဘူး။ အဲလိုဖွင့်… စည်းမဲ့ကမ်းမဲ့ ယူနေတာလည်း ပါတာပေါ့။ ဒါပေမဲ့ ကျနော်တို့ အမြန်ဆုံးရအောင် လုပ်ပေးမယ်” လို့ ဆည်မြောင်းဦးစီးဌာနက ဒုညွန်ကြားရေးမှူး ဦးအောင်မြင့်က ပြောပါတယ်။

အခုလိုမိုးဗြဲဆည်ကနေ ရေလုံလုံလောက်လောက် မရရှိတဲ့အတွက် စိမ့်စမ်းရေတွင်းတွေကနေတဆင့်ရတဲ့ ရေအနည်းအကျဉ်းကိုသာ အားထားနေရတယ်လို့ ဒေသခံများက ပြောပါတယ်။

Most read this week