တအာင်း(ပလောင်) လူငယ်နှင့် အမျိုးသမီးအဖွဲ့ တန့်ယန်းဒုက္ခသည်များအား သွားရောက်ကူညီ

တအာင်း(ပလောင်) လူငယ်နှင့် အမျိုးသမီးအဖွဲ့ တန့်ယန်းဒုက္ခသည်များအား သွားရောက်ကူညီ
by -
သျှမ်းသံတော်ဆင့်

အစိုးရ တပ် နှင့် သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ အောင်မင်္ဂလာ ကျောင်းတိုက်၌ရောက်ရှိနေသော စစ်ဘေးရှောင် ဒုက္ခသည်များအတွက် တအာင်း(ပလောင်) လူမှုရေးအဖွဲ့များက ထောက်ပံ့ မှု သွားရောက်ပေးကမ်းခဲ့ကြောင်း ကြားသိရသည်။

“ကျမတို့ တအာင်းအမျိုးသမီးအဖွဲ့အနေနဲ့ ခေါင်းအုန်း အလုံး ၁၀၀ ၊ အိပ်ယာခင်းအထည် ၁၀၀ ၊ ဆန်အိပ် ၂၀၀ ၊ ဆီပုံးတပုံး၊ ပိုက်ဆံ တသိန်းသွားရောက်ကူညီခဲ့တယ်။ စခန်းထဲမှာ အများအားဖြင့် တအာင်းလူမျိုးတွေများတယ်။ တခြားနေရာမှာကော ခိုလှုံ နေတာရှိတယ်။ ကျမတို့မရောက်ဖြစ်ခဲ့ဘူး။ အောင်မင်္ဂလာကျောင်းတိုက်မှာ ခိုလှုံနေတဲ့သူတွေအတွက်ဘဲ သွားရောက်ကူညီ နိုင်ခဲ့တယ်” - ဟု တအာင်း အမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ၁ လွေးပိုးဖိန်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ထို့အတူလွန်ခဲ့သည့် ရက်ပိုင်းကလည်း လားရှိုးအခြေစိုက် တအာင်းကျောင်းသားလူငယ်များအဖွဲ့ချုပ်မှ သတင်းနှင့် လူ့အခွင့်အ ရေး မှတ်တမ်းရေးအဖွဲ့မှူး မိုင်အိုက်မွန်း ကလည်း - “ ကျနော်တို့က လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကသွားခဲ့တာ။ ဆန်၊ ဆီ၊ ဆား ဆပ်ပြာ မှုန့် နဲ့ အခြားအရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေ ကူညီ ထောက်ပံ့ခဲ့တယ်” ဟု ပြောသည်။

အောင်မင်္ဂလာကျောင်း၌ရှိ ဒုက္ခသည်  ၄၃၁ ဦးအနက် ဝမ့်ပါဖန် ရွာသား ၃၀ ခန့်သာ ယနေ့ရွာပြန်သွားပြီး လူဦးရေ ၄၀၀ ခန့် ကျန်ရှိနေသေးကြောင်း ထိုသူများအတွက် အသုံးအဆောင်ပစ္စည်းများ၊ စားရေးရေးသောက်ရေး၊ ဆေးဝါးစသဖြင့် အကူအညီ လိုအပ်နေသေးကြောင်း၊ စေတနာရှင်ငွေရှင်များထောက်ပံ့ထားသည့် ငွေသားများလည်း ဟင်းဖိုးအဖြစ် ပေးဝေလိုကြောင်း အကူအညီပေးနေသည့် တန့်ယန်းလူငယ်များအဖွဲ့မှ စိုင်းခေးက ပြောပါသည်။

“မနေ့တုန်းက ကျမတို့သွား စစ်ဘေးဒုက္ခသည်တွေကို သွားကြည့်တော့ တော်တော်လေးကို စိတ်ပူမိတယ်။ ဘာလို့လဲ ဆိုတော့ လူ ၄၀၀ ကျော်က ဘုန်းကြီးကျောင်းမှာဘဲ အကုန်လုံးစုပုံပြီးနေကြတယ်။ ရည်ရှည်အတွက်မကောင်းဘူး။ တချို့သူတွေလဲ စစ်ဘေး စစ်ဒဏ်ကြောင့်ဒဏ်ရာရထားတဲ့သူတွေလဲရှိတယ်။ အပစ်ရပ်ထားကြပြီး ဒီလိုမျိုးဖြစ်နေတဲ့အပေါ်မှာ စိတ်မကောင်း မိဘူး” - ဟု လွေးပိုးဖိန်းက ပြောပါသည်။

မြန်မာအစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်ရပ်ပြီ၊ ငြိမ်းချမ်းရေးတည်ဆောက်နေသည် စသဖြင့် နိုင်ငံတကာ အမြင်ကောင်းအောင်လုပ်နေသော်ငြားလည်း အောက်ခြေတပ်ရင်းတပ်ဖွဲ့များက သျှမ်းပြည်မြောက်ပိုင်း အတွင်း ထိုးစစ်ဆင်မှုရပ် နားခြင်းမရှိသေးကြောင်း တန့်ယန်းမြို့ ဒုက္ခသည်စခန်းတင်မကဘဲ၊ မန်တုံ၊ နမ့်ခမ်း၊ ကွက်ခိုင်မြို့တို့တွင်လည်း စခန်းတခုလျှင် ဒုက္ခသည်များ ရာဂဏန်းရှိနေသေးကြောင်း၊ တိုက်ပွဲလဲ မကြာခဏ ဖြစ်ပွားနေကြောင်း မိုင်အိုက်မွန်းက ပြော သည်။

အပစ်ရပ်ခြင်း ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကိစ္စများအား အထက်ပိုင်းအဆင့်သာလုပ်နေခြင်းမျိုးမဟုတ်ဘဲ ဒေသခံလူထု အတွက် အာမခံချက်ပေးသည့် ငြိမ်းချမ်းရေးမျိုးရရှိရန်လိုကြောင်းလည်း လွေးပိုးဖိန်းက ပြောသည်။

မတ်ခ်ျလနှောင်းပိုင်းကစ၍ အစိုးရတပ် နှင့် SSPP/SSA တိုက်ပွဲကြောင့် တန့်ယန်းမြို့နယ် လွယ်စေးကျေးရွာအုပ်စုဝင် ရွာသား ၁၆ ရွာ လူ ၁၀၀၀ ကျော်က  တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေခြင်းသည်။