ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ တခုကို နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ့ (BNI) က ဦးဆောင်ပြီး ပြည်တွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ဖြစ်မြောက်ရေး ကော်မတီကပြောသည်။
ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စထရင်းဟိုတယ်တွင် ကျင်းပမည်ဟု ညီလာခံ ပြန်ကြားရေး တာဝန်ခံ နိုင်ဗညားအောင် က ပြောသည်။
“လောလောဆယ် ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လွှင့်နေတဲ့ မြန်မာ့အသံကိုပဲ ကြည့်။ နိုင်ငံတော် ဘက်ဂျက်ကို သုံးပေမယ့် ဗမာ အစီအစဉ်ဆိုရင် တနေ့ အနည်းဆုံး ၁၀ နာရီ ရှိတယ်။ တိုင်းရင်းသား အစီအစဉ်က တနာရီခွဲပဲ ရတယ်။ ဝန်ထမ်းတွေလည်း မလောက်မငှနဲ့။ အဲဒါ အချိုးအစား မညီဘူး။ တီဗီဆို ပိုပြီး ဝေးသေးတယ်။ ဗမာ တကျပ်၊ တိုင်းရင်းသား တကျပ် မရရင်တောင် တမတ်လောက် ရရင် ကျေနပ်ပြီ။ အဲဒီကိစ္စ ကျနော်တို့ ဒီညီလာခံမှာ ပြောမယ်” ဟု မွန်သတင်းအေဂျင်စီ၏ အယ်ဒီတာ နိုင်ဗညားအောင် က ပြောသည်။
နိုင်ငံတကာ စံချိန် စံညွှန်းနှင့် ပြည်စုံပြီး ဒီမိုကရေစီနည်းကျသည့် မီဒီယာ ဥပဒေ တရပ် ပေါ်ထွန်းလာရေး၊ တိုင်းရင်းသား ဒေသများတွင် ဘက်စုံ မာလ်တီမီဒီယာများ ပေါ်ထွန်းလာရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍ မြင့်မားလာစေရေးအတွက် ဦးတည်ပြီး ညီလာခံကို ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။
မွန်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ကျင်းပမည့် ထိုညီလာခံသို့ အိမ်နီးချင်း နိုင်ငံများတွင် အခြေစိုက်သည့်
မြန်မာနိုင်ငံ တိုင်းရင်းသား မီဒီယာများဖြင့် ဖွဲ့စည်းထားသည့် BNI အဖွဲ့ဝင်များမှ ကိုယ်စားလှယ်များ၊ မွန်ပြည်နယ် အခြေစိုက် မီဒီယာ ကိုယ်စားလှယ်များ၊ တိုင်းနှင့် ပြည်နယ် တခုစီမှ တိုင်းရင်းသား မီဒီယာ ကိုယ်စားလှယ် ၂ ဦးစီနှင့် နိုင်ငံတကာ မီဒီယာ ကျွမ်းကျင်သူများ၊ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ တာဝန်ရှိသူများကို တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ညီလာခံ ဖြစ်မြောက်ရေး ကော်မတီဝင်နှင့် သံလွင်တိုင်းမ် ဂျာနယ် အုပ်ချုပ်မှု အယ်ဒီတာ ကိုမင်းမင်းနွယ် က ပြောသည်။
ထို့ပြင် ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် လွှတ်တော်အမတ်များ၊ ပြည်ထောင်စု အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ဝန်ကြီးအချို့လည်း တက်ရောက်ဖွယ် ရှိပြီး စုစုပေါင်း ကိုယ်စားလှယ် ၉၀ ကျော်ကို ဖိတ်ကြားထားသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အခြေစိုက်သည့် BNI ကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား သတင်းဌာန ၁၁ ခု ဖြစ်သည့်
ကေအဲန်ဂျီ၊ ကုလားတန်၊ ကန္တရဝတီ၊ ရွှေဟင်္သာ၊ ကေအိုင်စီ၊ ခိုနုမ်းထုန်၊ နိရဥ္စရာ၊ မဇ္စျိမ၊ အဲန်အမ်ဂျီ၊ သျှမ်းသံတော်ဆင့် တို့ ပါဝင်ကာ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာပြည်တွင်းတွင် အခြေစိုက်ကြသည်။
ညီလာခံ ဖြစ်မြောက်ရေးအတွက် ကုန်ကျစရိတ် အားလုံးကို ပွင့်လင်း လူ့အဖွဲ့အစည်း ဖောင်ဒေးရှင်း (OSF) မှ ကူညီထောက်ပံ့ပေးကြောင်း သိရသည်။