တန့်ယန်း စစ်ပြေးဒုက္ခသည်များအားလုံး ကျောင်းတိုက်တခုတည်း၌ စုပုံထား

တန့်ယန်း စစ်ပြေးဒုက္ခသည်များအားလုံး ကျောင်းတိုက်တခုတည်း၌ စုပုံထား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် တန့်ယန်းမြို့ပေါ်သို့ ပျံ့နှံ့နေသည့် စစ်ပြေး ဒုက္ခသည် များ အောင်မင်္ဂလာကျောင်းတိုက်၌ စုပေါင်းနေထိုင်စေခဲ့ကြောင်း ကြားသိရပါသည်။

“အစတုန်းက ဘုန်းကြီးကျောင်းတွေမှာ သွားနေကြတာ။ အခု အောင်မင်္ဂလာကျောင်းတိုက်မှာပဲ လာနေဖို့ လိုက်ခေါ်နေ တယ်။ မနေ့က ၄၃၁ ယောက်ရှိပြီ။ စစ်မျက်နှာပြင်ဘက်က ထပ်ရောက်လာတာလဲရှိတယ်၊ မပြန်နိုင်ကြသေးဘူး” - ကျားဖြူ ပါတီ ပြည်သူ့လွှတ်တော်အမတ် စိုင်းထွန်းထွန်းဝင်း က ပြောပါသည်။

စစ်ပြေးဒုက္ခသည်များ

မတ်ခ်ျလနှောင်းပိုင်းမှ ယနေ့အထိ တန့်ယန်းမြို့ဘက်ရောက်ရှိလာသော စစ်ဘေးရှောင်ဒုက္ခသည်များ ထောင်ကျော် ကြောင်း၊ ပလောင်များ၊ တရုတ်လူမျိုးများက ၎င်းတို့အမျိုးရှိရာ ပန်ယရုံး၊ မြို့သစ်ဘက် သွားနေကြောင်း၊ အောင်မင်္ဂလာ ကျောင်းတိုက်တို့ စုပေါင်းနေစေရခြင်း မှာ ရေမီး နေရာထိုင်ခင်းအဆင်ပြေမှု အသင့်အသင့်ရှိကြောင်း စစ်ဘေးရှောင်များ အားလိုက်လံကူညီပေးနေသည့် ကျေးသီးမြို့မှ စိုင်းခမ်းပိုင်က ဤကဲ့သို့ပြောပါသည်။

“ပလောင်လူမျိုးတွေက ခက်တယ်။ သူတို့က အဝတ်အစားဘာမှ မရလာဘူး။ ပလောင်ယောက်ျားလေးတွေက သူများပေးကမ်းတဲ့ အဝတ် ဝတ်သေးတယ်။ မိန်းခလေးတွေကတော့ သူတို့ဝတ်စုံမှ သူတို့ဝတ်စုံဘဲ။ တခြား  ဝတ်စုံမဝတ်ဘူး။ သူတို့တွေက သူများနဲ့မနေတတ်ဘူးလေ။ သူတို့အမျိုးရှိရာ စစ်မဖြစ်တဲ့ရွာဘက်ကိုဘဲ သွားနေကြတယ်” - ဟု ဆိုသည်။

ယမန်နေ့အထိ ကူညီမှုပေးသည့် အသင်းအဖွဲ့များများစားစားမရှိသေးကြောင်း၊ အဲန်ဂျီအိုအသိုင်းအဝိုင်းတွင် အိုင်စီအာရ်စီ သာတွေ့ရကြောင်း၊ ဒေသခံ မိုင်းရယ်၊ လားရှိုး၊ ကျေးသီးဘက်မှ စုပေါင်းလူထုအလှူရှင်းများ လာရောက်ကူညီကြောင်း ကူညီမှုတွင်ပါဝင်သည့် တန့်ယန်းလူငယ် စိုင်းခေးက ဤကဲ့သို့ပြောပါသည်။

“အခုလာတာက ကျေးသီး၊ မိုင်းရယ်၊ လားရှိုး။ ငွေတွေ စောင်တွေ၊ အိုးခွက်ပန်းကန်တွေလာပေးတယ်။ လားရှိုးဘက်က လာတဲ့ လူငယ်နဲ့ ကျားခေါင်းလူငယ်အဖွဲ့ စုပေါင်း အင်အား ၂၀ ခန့်က ငွေတွေ၊ ပစ္စည်းတွေ လိုက်လံအလှူခံပြီး လာကူ တယ်။ ပိုက်ဆံ ကျပ် ၄၅ သိန်း၊ စားဖွယ်သောက်ဖွယ် စောင်၊ အိုးခွက်ပန်းကန်တွေ လာပေးတယ်။ လားရှိုး - တန့်ယန်း နေ့ချင်းပြန်ဘဲလာသွားတယ်” - ဟု ပြောသည်။

“အစိုးရတပ်၊ သျှမ်းတပ် နှစ်ဘက်ညှိပြီးမှ သူတို့တွေ နေရပ်ပြန်နိုင်မှာပေါ့။ အခုက အစိုးရတပ်ကို လူထု အကြောက်ဆုံး၊ သူတို့က လူထုကိုခေါ်ပြီးလမ်းပြခိုင်းတယ်။ လူထုကို ပွိုင့်ထိုးခိုင်းတယ်။ မိုင်းနင်းမိရင် လူထု အရင်သေတယ်။ မုဒိန်းကျင့် သတင်းတွေလဲ သတင်းပျံ့နေတော့ ဘယ်ပြန်ရဲတော့မလဲ၊ အားလုံးတာဝန် ရှိတယ်။ အစိုးရက ပိုတာဝန် အရှိဆုံးပေါ့ သူတို့က အာဏာရှိတယ်။ သူတို့ က နယ်မြေစိုးမိုးဖို့ တောနင်းပြီး နယ်မြေရှင်းလင်းနေလို့အခုလိုဖြစ်ရတာ” - တန့်ယန်းမြို့ ကျားဖြူပါတီဝင် ရပ်မိရပ်ဖတဦးက ပြောပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာအစိုးရတို့သည် အပစ်ရပ်ပြီး ငြိမ်းချမ်းရေး စုပေါင်းတည်ဆောက်နေသည်ဟု ဆိုတော်လည်း ယနေ့တိုင် စစ်မီးငြိမ်းခြင်းမရှိပဲ အပစ်ရပ်ပြီးနောက်ပိုင်း တိုက်ပွဲပေါင်း တရာထက်မနည်းဖြစ်ပွားပြီးဖြစ်သည်။