အစိုးရတပ်နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်လူထုတစ်ထောင်ကျော် ထွက်ပြေးတမ်းရှောင်

အစိုးရတပ်နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်လူထုတစ်ထောင်ကျော် ထွက်ပြေးတမ်းရှောင်
by -
သျှမ်းသံတော်ဆင့်

အစိုးရတပ် နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ ဖြစ်ပွားသောတိုက်ပွဲကြောင့် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ကျေးလက်လူထု ထောင်ကျော် မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟုသိရှိရသည်။

(ဓါတ်ပုံ-လွယ်ဆမ်ဆစ်ပ်)
“တန့်ယန်းမြို့ပေါ် ဘုန်းကြီးကျောင်းတိုင်း လိုလိုမှာ သွားပြီးခိုလှုံနေကြတယ်။ အဲဒါက သျှမ်းလူမျိုး နဲ့ တခြားတိုင်းရင်း သားတွေ၊ တရုတ်တွေကတော့ တန့်ယန်းမြို့တရုတ်ဘုံကျောင်းမှာ။ သူတို့နဲ့ဆို လူထောင် ကျော်တယ်” - တန့်ယန်းမြို့ခံ ဝေဠုဝန်ကျောင်းတိုက်ဘုရားဒါယိကာ စိုင်းခမ်းဘန်း ကပြောပါသည်။

မတ်ခ်ျလနှောင်းပိုင်းက အစိုးရတပ် တပ်ရင်း ခလရ ၃၃၊ ၂၉၁ နှင့် ခမယ ၃၂၂ က SSPP/SSA ၏ လွယ်စေး တပ်စခန်းအား တက်တိုက်ခဲ့ကြောင်း၊ ဦးတည်ချက်မရှိဘဲ လယ်၊ ယာ အတွင်း လက်နက်ကြီးများဖြင့် လှမ်း ပစ်ခဲ့ကြောင်း ရပ်ရွာအတွင်းဝင်ရောက်ပါက ကြိုက်ရာပစ္စည်းများ  ယူဆောင်သွားကြောင်း - အမည်မဖေါ် လိုသည့် လားဟူပြည်သူ့စစ်တဦးကပြောပါသည်။

“မိုင်းကောဝ်၊ နမ့်လောဝ်း၊ ဘက်ကပေါ့ အဓိက လွယ်စေးကျေးရွာအုပ်စုဝင်က လူထု၊ ကျနော်တို့ စာရင်း ရထားတာ ရ၀၀ ကျော်တယ်။ သူတို့တွေ မိမိရပ်ရွာမှာ ပြန်နေနိုင်အောင်၊ လွတ်လွတ်လပ်လပ်နဲ့ လယ်ယာ ဆင်းနိုင်အောင် မနေ့က အစိုးရဆီမှာ ကျနော်တို့ သွားပြောပေးတယ်၊ ဦးသိန်းစိန်ကိုယ်တိုင်ကလဲ လူထုရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးမယ်လို့ပြောထားတယ်လေ” - ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြော ပါသည်။

ထို့အတူ မတ်ခ်ျ ၂၇ ရက် ၂၀၁၃ တွင် အဆိုပါ အစိုးရစစ်ကြောင်းများက - လွယ်စေးကျေးရွာအုပ်စု ကောင်း ဆိုင်းရွာမှ (ဦး)လုံးလိုင်းဆိုင် ၅၃ နှစ်၊ (ဦး) လုံးခမ်း ၄၀ နှစ်အား ရွာနှင့် ၂ မိုင်ခန့်အကွာ၌ ရိုက်သတ်ခဲ့ကြောင်း၊ လုံးထွန်း ၅၂ နှစ် လွယ်စေးရွာသူကြီး၊ အိုက်ထွန်း လက်ထောက်သူကြီး၊ အိုက်ကော် ၁၇ နှစ် နှင့် အိုက်လိတ် ၁၅ နှစ် သူကြီး၏သားအား ယနေ့တိုင်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ အဆိုးဆုံးမှာ နမ့်မိုင့်လွတ် ပလောင် အမျိုးသမီးပျို နန်းဆော ၁၅ နှစ်၊ နန်းယွန်း ၁၃ နှစ်၊ နန်းငင်း ၁၆ နှစ်အား ၎င်းတို့နှင့်အတူ နှစ်ရက်နှစ်ည ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြို့ပေါ်ရောက် ဆွေမျိုးများပြောပြချက်အရသိရပါသည်။

သီးခြားအတည်ပြုချက်မရသေးသည့် သတင်းအချက်အလက်အရ အဆိုပါ ပလောင်အမျိုးသမီးငယ် သုံးဦး အား မြန်မာအစိုးရစစ်ကြောင်း အရာရှိများက အုပ်စုလိုက်အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့သည်ဟုဆိုသည်။

အစိုးရတပ်မှ ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဟိုတတ်ရွာသား အိုက်လူခေ အသက် ၂၀ ၏ ပေါင်ရင်း၌ လက်နက် ကြီးစ ထိမှန်ကြောင်း၊ ဟွေ့ပူ ရွာသား (ဦး)လုံးခမ်းဆွယ့် အိမ်နံရံပျက်စီးသွားကြောင်း၊ ကာလတန်ဖိုး ၈ သောင်းကျပ် ရှိ စိုင်းအိုက်စံ ၏ ဝက််တကောင်၊ တန်ဖိုး ကျပ်တသောင်းရှိ လုံးလ ၏ ဝက်တကောင် ကိုလည်း ပစ်သတ်ကာ ယူဆောင်သွားကြောင်း - စစ်ဘေးဒုက္ခသည်ကူညီရေး မျိုးချစ်လူငယ်အုပ်စုမှ တက်ကြွလှုပ်ရှားသူများက ပြောပါသည်။

တိုက်ပွဲကြောင့် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသော ရွာများမှာ - ပန်မောင် (ပေါက်ခယ်)၊ ကောင်းဆိုင်း ၊ ဝမ့်တုတ်း၊ ဝမ့်နား၊ ဝမ့်မဝေါင်း၊ ဝမ့်ကောင်းကော်၊ ဝမ့်ဟွေ့ပူ ၊ ဝမ့်နမ့်မိုင့်နွတ်၊ ဝမ့်ကာဝူလုံ၊ ဝမ့်ပါဖန် --- စသည့် ကျေးရွာများဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ ကာလလူဦးရေစာရင်းအရ အဆိုပါကျေးရွာများသည် လူပေါင်း ၁၀၀၀ ကျော်ရှိသည်ဟု သိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA)သည်  ဦးသိန်းစိန်အစိုးရ နှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး တည်ဆောက်ထားသည့် တပ်ဖွဲ့ဖြစ်သော်လည်း သဘောတူညီမှု လက်မှတ်ရေးထိုးသည့်နောက် ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၁၀၀ ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု ပြောခွင့်ရ ဗိုလ်မှူး စိုင်းလ က ပြောပါသည်။