ကရင်နီ မီးဘေးဒုက္ခသည်များ အတွက် ပြန်လည်ထောင်ထူရေး စတင်

ကရင်နီ မီးဘေးဒုက္ခသည်များ အတွက် ပြန်လည်ထောင်ထူရေး စတင်
by -
ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းမှ မီးဘေး ဒုက္ခသည် နှစ်ထောင် ကျော်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်ဟု ကရင်နီဒုက္ခသည် ကော်မတီ-KnRC က ပြောသည်။

လက်ရှိ ကရင်နီအမှတ်(၂)စခန်းရှိ မီးလောင်ထားသည့် ရပ်ကွက်(၄)နှင့် (၁)နေရာများကို ဘူဒိုဇာကား နှစ်စီးဖြင့် ထိုင်းအစိုးရဘက်မှ တာဝန်ယူ ရှင်းလင်းပေးနေပြီး မတ်လ ၃၀ရက်နေ့မှ စတင်ကာ ယနေ့ ဧပြီလ ၂ရက်နေ့ထိ ဆက်လက်လုပ်ဆောင်လျှက်ရှိကြောင်း KnRC မှ အတွင်းရေးမှူး(၁) နော်ထူးလွဲက ကေအိုင်စီသို့ ပြောသည်။

karenni-camp-2

နော်ထူးလွဲက “လောလောဆယ်တော့ ပြန်လည်ထူထောင်ရေးလုပ်နေတုန်းပဲ။ နေ့တိုင်း ဒီကားနှစ်စီးနဲ့ မီးလောင် ထားတဲ့ နေရာတွေကို မြေတွေညီညာအောင် လုပ်နေပါတယ်။ ရပ်ကွက် (၄)ကနေ ရပ်ကွက်(၁)အထိ လုပ်ဆောင်သွားဖို့ ရှိပါတယ်”ဟု ပြောသည်။

မြေနေရာများလုပ်ဆောင်ပြီးသည်နှင့်တပြိုင်နက် မီးဘေးဒုက္ခသည်များအတွက် လိုအပ်သော အဆောက်အဦး ပစ္စည်းအားလုံးကို ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ဒုက္ခသည်များကို အကူအညီပေးနေသည့် Thai-Burma Border Consortium(TBBC)မှ တာဝန်ယူ ကူညီထောက်ပံ့ပေးမည်ဟု နော်ထူးလွဲက ဆက်ပြောသည်။

လက်ရှိ ကရင်နီ မီးဘေးဒုက္ခသည်များသည် မဲစရင်းချောင်းနံဘေးတွင် တာလပတ်(မိုးကာ)များဖြင့် မိုးထားသည့် ယာယီတဲများအောက်တွင် နေထိုင်နေကြရပြီး ရာသီဥတု အလွန်ပူပြင်းသောကြောင့် ကလေးသူငယ် များ၏ ကျန်းမာရေးအတွက် စိုးရိမ်နေရသည်ဟု KnRC က ဆိုသည်။

မီးဘေးဒုက္ခသည်များလိုအပ်သော အကူအညီများအတွက် လက်ရှိအချိန်တွင် ဒုက္ခသည်များကို အကူအညီ ပေးနေသည့် အစိုးရမဟုတ်သောအဖွဲ့အစည်း-NGOs များအပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPPနှင့် ထိုင်းအစိုးရတို့မှ ကူညီပေးနေသလို ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့ကလည်း ကရင်နီ(ကယား) ပြည်နယ် အစိုးရမှ အလှူငွေ ကျပ် သိန်းတစ်ရာ ကူညီပေးခဲ့သည်။

ကရင်နီ အမှတ်(၂)ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် မတ်လ ၂၂ရက်နေ့က မီးလောင်မှုဖြစ်ပွားကာ နောက်ဆုံး အတည်ပြုချက်အရ လူ ၃၆ဦး သေဆုံးပြီး ၂၀၀ကျော်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကရင်နီအမှတ်(၂) ဒုက္ခသည်စခန်းကို ၁၉၉၂ခုနှစ်က စတင်တည်တောင်ခဲ့ပြီး လက်ရှိ လူဦးရေ ၃,၄၀၀ (သုံး ထောင်လေးရာ)ကျော် အခြေချနေထိုင်လျှက်ရှိသည်။

Most read this week