ရှမ်းမြောက်ပိုင်းတွင် တအာင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ရှမ်းမြောက်ပိုင်းတွင် တအာင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲ ဆက်လက်ဖြစ်ပွား
by -
မဇ္စျိမ

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း အစိုးရစစ်တပ်ဖွဲ့နှင့် တအာင်း လက်နက်ကိုင်တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းတွင် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေသည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)မှ အထွေထွေ အတွင်းရေးမှူး မိုင်ဘုန်းကျော်က ပြောသည်။

နံနက် ရ နာရီချိန်မှစတင်၍ ယခု သတင်းရေးသားချိန် ၁၀ နာရီထိ ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ဇယန်းကြီး အုပ်စု နမ့်ဆိုင်ခေါင် တောင်ကြောတွင် အစိုးရ၏ ခမရ ၅၀၄ တပ်ဖွဲ့နှင့် တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၂၅၆ တပ်ဖွဲ့တို့ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

“ဒီမနက် နမ်ဆန်မြို့နဲ့ သိပ်မဝေးတဲ့နေရာမှာ ဖြစ်တယ်။ ခုလောလောဆယ် ငြိမ်သွားပြီ။ ဒါပေမယ့် ကွတ်ခိုင်နဲ့ နမ်ဆန်အစပ်မှာ ဖြစ်တဲ့ တိုက်ပွဲက အခုလည်း ဖြစ်နေပါတယ်။ နှစ်နေရာ ဖြစ်နေတာ။ တိုက်ပွဲက နည်းနည်း ပြင်းထန်တယ်။ အစိုးရတပ် အင်အားအလုံးအရင်းနဲ့ တက်လာတယ်။ ကျနော်တို့ နေတဲ့ တပ်စခန်းတွေဘက်ကို ဝင်လာတော့ ကျနော်တို့ ရှောင်လို့ မရတာနဲ့ တိုက်ပွဲဖြစ်တာ” ဟု ဗိုလ်မှူး မိုင်ဘုန်းကျော် က မဇ္စျိမကို ပြောသည်။

ဧပြီလ ၁ ရက်နေ့က ကွတ်ခိုင်မြို့နယ် အခြေစိုက် TNLA တပ်ရင်း ၁၁၂ နှင့် မြန်မာ အစိုးရတပ် ခမရ ၅၀၂ နှင့် ခလရ ၄၅ တပ်ဖွဲ့တို့ နမ့်ဖတ်ကာ ကျေးရွာအုပ်စု၊ လူမ်ကမ်ကျေးရွာအနီး တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ထိုတိုက်ပွဲတွင် အစိုးရဘက်မှ တဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

နမ်ဆန်မြို့နယ် တိုက်ပွဲအတွင်း အစိုးရစစ်တပ်ဘက်မှ ၁၀ ဦးကျော် ကျဆုံးသည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း မြန်မာအစိုးရ၏ ကျောက်မဲ၊ သီပေါ၊ လားရှိူး၊ နမ္မတူ၊ မန်တုံ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်းမြို့နယ်တွင် အခြေစိုက်ထားသော ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၇၊ ၃၂၄၊ ခလရ- ၂၃၊ ၁၃၀၊ ၁၄၄၊ ၄၅၊ ၆၈၊ ၆၉၊ ၂၄၀၊ ၁၂၃ စသည့် တပ်ရင်း ၁၀ ရင်းကျော်မှာ တအာင်းဒေသအတွင်း ထိုးစစ်ဆင်လာ၍ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားနေသည်ဟု TNLA က ဆိုသည်။

ယခင်က အစိုးရ၏ တပ်ရင်း ရ ရင်းခန့်သာ လှုပ်ရှားနေရာမှ ယခု တပ်ရင်း ၁၀ ရင်းကျော်ထိ တိုးမြင့်လာသဖြင့် အစိုးရတပ်အင်အား အနည်းဆုံး ၃,၀၀၀ ခန့် ထိုးစစ်လှုပ်ရှားနေသည်ဟု ဗိုလ်မှူးမိုင်ဘုန်းကျော်က ပြောသည်။

အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်လာမှုများအပေါ် PSLF က မတ်လ ၂၂ ရက်နေ့က ကန့်ကွက်ခဲ့ပြီး လက်ဖက်ရာသီ တွင် ၎င်းတို့၏ တပ်ဖွဲ့များကို တပ်လှုပ်ရှားမှု မလုပ်ရန် ညွန်ကြားထားသည်။ သို့သော် အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင်လာ၍ ဖယ်ပေးရန် နေရာမရှိတော့သဖြင့် တိုက်ပွဲများ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု တအာင်းတပ်မှူး တဦးက ပြောသည်။

မတ်လ ၂၇ ရက်နေ့က အစိုးရ၏ မန်တုံအခြေစိုက် တပ်ရင်း ၁၃၀ မှ မန်တုံမြို့အနောက်ဘက်တွင် လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

မတ်လဆန်းပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ငြိမ်းချမ်းရေး ဆွေးနွေးရန် ကြားခံလူများမှတဆင့် ညှိနှိုင်းနေသော်လည်း သဘောတူညီမှုမရသေးကြောင်း မိုင်ဘုန်းကျော်က ပြောသည်။

“ဦးအောင်မင်းက ပြောတာက ငြိမ်းချမ်းရေးတွေ လုပ်မယ်။ ဒါပေမယ့် အပြောနဲ့ လက်တွေ့မှာ ကွာခြားနေ တယ်။ ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အို၊ ရှမ်းအဖွဲ့၊ တအာင်းတပ်တွေကို အပြင်းအထန် ထိုးစစ်တွေ ရှိမယ်ဆိုတာ ကျနော်တို့ ကောလဟလလို ကြားနေရတယ်။ အခုလက်တွေ့ တကယ်ဖြစ်နေတာလည်း စစ်ရုံးက ညွန်ကြားတဲ့အတိုင်း တကယ်လုပ်နေတယ်လို့ပဲ ထင်တယ်” ဟု ပြောသည်။

လက်ရှိ ကွတ်ခိုင်မြို့နယ်တွင်း ဖြစ်ပွားနေသော တိုက်ပွဲတွင် TNLA ၏ မဟာမိတ်  ရှမ်းပြည် မြောက်ပိုင်း တပ်မတော် SSPP နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့လည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေသည်ဟု သိရသည်။