ရန်ကုန် ဗလီ မီးလောင်မှု လွတ်လပ်စွာစုံစမ်းရေး အာဆီယံ အမတ်များ တောင်းဆို

ရန်ကုန် ဗလီ မီးလောင်မှု လွတ်လပ်စွာစုံစမ်းရေး အာဆီယံ အမတ်များ တောင်းဆို
by -
မဇ္စျိမ

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်ရှိ အစ္စလာမ် ဗလီဝတ်ကျောင်း မီးလောင်မှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတရပ် ပြုလုပ်ရန် မြန်မာ့အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) က အင်္ဂါနေ့တွင်တောင်းဆိုလိုက်သည်။

ဧပြီလ ၂ ရက် နံနက် ၃ နာရီဝန်းကျင်က စတင်လောက်ကျွမ်းခဲ့သော မီးကြောင့် ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ရမှု အပေါ် လွန်စွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြလိုက်ပြီး မီးလောင်မှု အကြောင်းရင်းအား အဆောတလျင်၊ စေ့ငုစွာနှင့် ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းဖော်ထုတ်ရန် အာဆီယံ တဝှမ်း ရွေးကောက်ခံ အမတ်များဖြင့် ဖွဲ့စည်းထားသည့် AIPMC က တောင်းဆိုလိုက်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

Asean-Parliamentarians

“အကယ်၍ ဒီမီးလောင်မှှုဟာ မီးရှို့မှှု ဖြစ်ပါက တရားမျှတမှှု ရှိစေဖို့ အရေးယူ ဆောင်ရွက်ရမှာ ဖြစ်ပြီး ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူရမှာပါ။ မီးရှို့မှှု မဟုတ်ပါကလည်း မဟုတ်ကြောင်း ရှင်းရှင်း လင်းလင်း သက်သေပြရမှာဖြစ်ပြီး မြန်မာနိုင်ငံသားအားလုံးရဲ့ လုံခြံုရေးနဲ့ နုနယ်သေးတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ခြိမ်းခြောက်နိုင်တဲ့ အခြေအနေဖြစ်တဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဆက်ဆံရေး ကဏ္ဍမှာ နိမ့်ကျဆိုးဝါးမှှုတွေ ဆက်လက် ဖြစ်ပေါ်နေမှာကို ရပ်တန့် တားဆီးဖို့ သက်သေပြရန် လိုအပ်ခြင်း ဖြစ်ပါတယ်” ဟု AIPMC ဥက္ကဋ္ဌ နှင့် အင်ဒိုနီးရှား လွှတ်တော်အမတ် Eva Kusuma Sundari က ဆိုသည်။

ထို့ပြင် ရခိုင်ပြည်နယ်နှင့် မိထ္ထီလာ ပဋိပက္ခမျိုး ထပ်မံမဖြစ်ပွားစေရန် ထိန်းသိမ်းရာတွင် ဒေသတွင်း နိုင်ငံများ၏ အကူအညီ ရယူသင့်ကြောင်း ရေးသားထားသည်။

“လွန်ခဲ့တဲ့ လက မိတ္ထီလာမှာ မြင်တွေ့ခဲ့ရတဲ့ အကြမ်းဖက်မှှုတွေ၊ အဲဒီအရင်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှှုတွေလိုမျိုး ထပ်မံ ဖြစ်မလာအောင် ရှောင်ရှားနိုင်ဖို့အတွက် ခွဲခြား ဆက်ဆံမှှုတွေကို ရပ်တန့်ဖို့နဲ့ ဘာသာရေး အုပ်စုကွဲတွေ အကြားမှာ သည်းမခံမှှုတွေကို တိုက်ဖျက်ဖို့ လိုမှာဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ ဒေသတွင်း အိမ်နီးချင်းတွေရဲ့ အကူအညီနဲ့ ပြတ်ပြတ်သားသား မျှမျှတတ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဘေးအန္တရာယ်တွေ ဖြစ်နိုင်ခြေရှိသော အသိုင်းအဝိုင်းအကြားတွင် လုံခြံုမှှု အရေးကြီးလှသလို ပုဒ် ၁၄၄ ထုတ်ပြန်ခြင်းနှင့် အခြား ပြင်းထန်သော ဆောင်ရွက်မှများ အသုံးပြုခြင်းနှင့် ပတ်သက်၍လည်း AIPMC အနေနှင့် စိုးရမ်ပူပန်ကြောင်း ကြေညာချက်က ဆိုသည်။

“မကြာသေးခင်က ဖြစ်ပွါးခဲ့တဲ့ ဆူပူမှှုတွေနဲ့ ပတ်သတ်ပြီး အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ အဖြေကိုသာ ရှာဖို့ တိုက်တွန်း ပါတယ်။ လွန်ခဲ့တဲ့ လက မိတ္ထီလာနဲ့ အခြား ဒေသတွေမှာ ဖြစ်ပွါးခဲ့တဲ့ ဆိုးဆိုးဝါးဝါး အကြမ်းဖက်မှှုတွေနဲ့ ပတ်သတ်ပြီး ဖြစ်ရတဲ့ အကြောင်းတရားတွေနဲ့ ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ အတွက်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ ခြေလှမ်းတွေ ချက်ခြင်း စတင်ရမှာ ဖြစ်ပြီး သက်ဆိုင်သူတွေ အနေနဲ့ တာဝန်ယူရမှာ ဖြစ်ပါတယ်” ဟု AIPMC က တောင်းဆိုလိုက်သည်။

မီးလောင်မှုမှာ ဗလီအတွင်းရှိ မီးအားမြှင့်စက်မှ အပူချိန်လွန်ကဲ၍ စတင်လောင်ခြင်းဖြစ်ကြောင်း အာဏာပိုင် များက ပြောဆိုထားသည်။

မီးလောင်မှု အတွက် စုံစမ်းစစ်ဆေးရန် အစ္စလာမ် ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေး ခေါင်းဆောင် များ ပါဝင်သော စုံစမ်းရေး ကော်မရှင် တရပ်ဖွဲ့စည်းသွားမည်ဟု မြန်မာမူဆလင် အမျိူးသားရေးရာ အဖွဲ့ချူပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်ခင် က မဇ္စျိမကို ပြောဆိုထားသည်။