လွန်ခဲ့သည့် မတ်လ ၂၅ ရက်နေ့က စ၍ ပျောက်ဆုံးနေသည့် ကျောင်းသားသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ကိုရဲမင်းဦးမှာ ရန်ကုန်တိုင်းရဲမှ ခေါ်ယူစစ်ဆေးနေ၍ ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်း သားများ အဖွဲ့မှ ကိုကိုကြီးက မတ်လ ၂၉ ရက်နေ့ မနက်ပိုင်းတွင် မဇ္စျိမကို ပြောဆိုလိုက်သည်။
“ကျနော်တို့ သိရသလောက်ကတော့ ရန်ကုန်တိုင်း ရဲက ထိန်းသိမ်းထားပြီးတော့ စစ်မေးနေတယ်လို့ ကြားရပါတယ်။ ဘာကို စစ်မေးနေတယ်၊ ဘာကြောင့် ဆိုတာကို သေချာ မသိရသေးတော့ ပြောရ ခက်တာပေါ့နော်။ လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေထဲမှာ ကျနော်တို့ မသိနိုင်တဲ့ဟာတွေတော့ အများကြီးရှိမယ်လို့ ထင်တာပဲ” ဟု ဆိုသည်။
ကိုရဲမင်းဦးအား မတ်လ ၂၅ ရက်နေ့ည ၉ နာရီခန့်တွင် အမည်မသိ လူနှစ်ဦးက ဗဟန်းမြို့နယ် ဦးသာသနာ့
ကျောင်းတိုက်တွင် လာရောက်ခေါ်ဆောင်သွားရာမှ ပျောက်ဆုံးသွားခဲ့၍ ဗဟန်း ရဲစခန်း၌ ၁၃/၂၀၁၃ လူပျောက်မှု ဖွင့်ကာ ဆက်လက် စုံစမ်းလျက်ရှိရာ မတ်လ ၂၉ ရက်နေ့ ညနေအထိ စုံစမ်းမရရှိ သေးကြောင်း ဦးလေးဖြစ်သူ ဦးကျော်ကျော် က ပြောသည်။
“သား ပျောက်နေတာ ကြားရတော့ ဂွမြို့နယ်၊ ပိန္နဲကုန်းမှာနေတဲ့ သူ့အဖေဟာ သားအတွက် စိုးရိမ်စိတ်နဲ့ အစာလည်း မစားတော့ဘူး။ နေမကောင်းဖြစ်နေတော့ အိပ်ရာထဲမှာ ဘုန်းဘုန်းလဲနေတော့တာပဲ” ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးညီပု က “ဥပဒေအရ တရားရုံး လုပ်ထုံးလုပ်နည်းတွေ တော့ ရှိတယ်။ နောက်ပြီး အစိုးရဘက်ကလည်း မကြာခင်မှာ ဒါတွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ ပြောသံတွေလည်း ကြားရတယ်” ဟု ပြောသည်။
ကိုရဲမင်းဦးမှာ ရခိုင် လူငယ်များအဖွဲ့ (AYO) ၏ အဖွဲ့ဝင်လည်း ဖြစ်၍ ၎င်း ပျောက်နေမှုအား စိုးရိမ်ကြောင်း ပြသသည့် အနေဖြင့် AYO မှ ဦးဆောင်၍ မတ်လ ၂၆ ရက်နေ့က အနောက် ရွှေဂုံတိုင်လမ်းရှိ ရွှေရသာ စားသောက်ဆိုင်၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ ထို့ပြင် မတ်လ ၂၉ ရက်နေ့တွင်လည်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီ၊ ရခိုင် နိုင်ငံရေး ပါတီများနှင့် ရခိုင် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်နှင့် နိုင်ငံခြား သံရုံးများသို့ အသိပေးစာများ AYO က ပေးပို့ခဲ့ကြောင်း သိရသည်။