SNLD ၏ ၆ လပတ် အစည်းအဝေး အမျိုးသမီးနှင့် လူငယ်များ ဆပ်ကော်မတီဖွဲ့စည်း

SNLD ၏ ၆ လပတ် အစည်းအဝေး အမျိုးသမီးနှင့် လူငယ်များ ဆပ်ကော်မတီဖွဲ့စည်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ၆ လပတ် မြို့နယ်စုံညီ အစည်းအဝေးကို မတ်လ ၂၄-၂၅ ရက်များက လားရှိုး၌ ကျင်းပရာ အမျိုးသမီးနှင့် လူငယ်များ ပါဝင်သည့် အလုပ် အမှုဆောင်အသစ် နှင့်ဆပ်ကော်မတီကို ရွေးချယ် ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

လားရှိုးငြိမ်းချမ်းရေးဆွေးနွေးပွဲ

“ဥက္ကဌ ၊ ဒု-ဥက္ကဌ နဲ့အတွင်းရေးမှူး တာဝန်ကို ပုဂ္ဂိုလ်ဟောင်းတွေကိုဘဲ ပြန်ပြီးတော့တာဝန်ပေးအပ်တယ်။ စည်းရုံးရေးမှူး ကိုတော့ တောင်ကြီးက ပါတီဥက္ကဌ ဖြစ်တဲ့ စိုင်းခမ်းပိုင်ဖ ကိုတာဝန်ပေးတယ်။ CC အဖွဲ့ဝင် ၂၅ ယောက်ကနေ ၃၉ ယောက် အထိ တိုးချဲ့တယ်။ စည်းရုံးရေးအပိုင်း၊ ဥပဒေရေးရာအပိုင်း၊ အမျိုးသမီးအပိုင်းနဲ့ လူငယ်အပိုင်းအတွက် ဆိုပြီးတော့ ကော်မတီ ငယ် ၄ ခု ထပ်ပြီးဖွဲ့စည်းနိုင်ခဲ့တယ်။ အဲလိုဖွဲ့စည်းတော့လူငယ် လူရွယ်တွေ အမျိုးသမီးငယ်လေးတွေ CC ထဲမှာအများ ကြီး ပြန်ပါလာတယ်။ လုပ်ငန်းလဲ အရင်ထက် စာရင် မြန်ဆန်ထိရောက်မယ်။ စည်းရုံးရေးလဲ အရင်ကထက် ထိထိ ရောက်ရောက် လုပ်နိုင်မယ်လို့မြင်ပါ တယ်” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က သျှမ်းသံတော်ဆင့်အား ပြောသည်။

အဆိုပါအစည်းအဝေးအား လားရှိုးမြို့ရှိ SNLD ရုံး၌ကျင်းပခဲ့ကြောင်း၊ သျှမ်းပါတီများ ပေါင်းစည်းရေးကိစ္စ အပြင် လာမည့် အောက်တိုဘာလ၌ကျရောက်မည့် ပါတီ၏ငွေရတုမွေးနေ့အတွက် လှုပ်ရှားမှုတခုခု လုပ်ရန် အတွက်ပါ ဆွေးနွေးဆုံးဖြတ် နိုင်ခဲ့ကြောင်း စိုင်းလိတ်ကပြောဆိုသည်။

“ကျနော်တို့ SNLD ပါတီကို ၁၉၉၈ အောက်တိုဘာလ ၆ ရက်နေ့ကစပြီး ပါတီတည်ထောင်လာတာ ဒီနေ့အထိ စဉ်ဆက် မပြတ် ပါတီလှုပ်ရှားမှုရှိခဲ့တယ်။ လာမယ့် အောက်တိုဘာလမှာ ၂၅ နှစ်ငွေရတုတိုင်မယ်။ ကျနော်တို့ ငွေရတု လှုပ်ရှားမှု မှတ်တမ်း ပြည်သူတရပ်လုံးကို ချပြဖို့ရှိတယ်။ ဥပမာအားဖြင့် SNLD ရဲ့သမိုင်းကြောင်း ဆိုင်ရာ စာအုပ် ထုတ်တာမျိုးပေါ့နော်။ အဲတာကို ၆ လပတ် အစည်းအဝေးမှာ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။” ဟု စိုင်းလိတ်ကပြောသည်။

SNLD သည် ၁၉၉၆ ခုနှစ်ကတည်းက SSPP/SSA ၊ SSNA တို့နှင့် ရှိခဲ့သည့် SSJAC သျှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ မူအတိုင်း အခုလည်း SSPP/SSA၊ ပြည်သူ့စစ်အသွင်ပြောင်း စိန်ကျော့ ပြည်သူ့စစ်နှင့် SNLD တို့ ပူးပေါင်း၍ နိုင်ငံရေးအရ မည်သို့ပူးပေါင်းမည်၊ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်း၌ မည်သို့ လက်တွဲဆောင်ရွက်နိုင်မည်၊ လူငယ်စွမ်းရည်မြင့်တင်ရေး၌ မည်မျှလက်တွဲ ဆောင်ရွက်နိုင်မည် ဟူသည်ကို တွေ့ဆုံဆွေးနွေးပြီး လက်တွဲဆောင်ရွက်နေ ကြောင်းလည်း စိုင်းလိတ်ကပြောဆိုသည်။