ရခိုင်ဒေသအတွင်း ငပလီနှင့်မြောက်ဦး ထင်ရှားသော ခရီးသွားလာရေး လုပ်ငန်းနှစ်ခု ရှိသည့် အနက် ငပလီ ဒေသ ခရီးသွားလုပ်ငန်းမှာ အရှိန်မြင့် တိုးတက်နေသော်လည်း မြောက်ဦး ခရီးသွားလုပ်ငန်းမှာမူ ယခုနှစ်အတွင်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ ဟိုတယ် လုပ်ငန်းရှင်များက ဆိုသည်။
“နှစ်အလိုက်ဆိုရင် ငပလီကို နိုင်ငံခြားသား လာရောက်လည်ပတ်မှုဟာ ကုန်ခဲ့တဲ့ နှစ်က စလို့ အရှိန်မြင့်လာတယ်။ မနှစ်က ဆိုရင် နိုင်ငံခြားသား နှစ်သောင်းခွဲ လာရောက်မှုနဲ့ ငပလီစံချိန်ကို ချိုးထားခဲ့တာ။ အခုနှစ် ဗွေဆော်ဦး နှစ်လထဲမှာပဲ တသောင်းနီးပါး လာရောက်ကြတော့ ဒီနှစ်ဟာ ငပလီရဲ့ ရွှေနှစ်လို့တောင် ပြောရမလို ဖြစ်နေပြီ” ဟု ငပလီ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ထမ်း တဦးက ပြောသည်။
လက်ရှိ ငပလီကမ်းခြေတွင် ဟိုတယ် ၂၀ ခန့်ရှိပြီး ငပလီသို့ နှစ်အလိုက် နိုင်ငံခြားသား လာရောက်လည်ပတ် မှုမှာ ၂၀၀၉ ခုနှစ်တွင် ၁၁,၂၀၀ ဦး၊ ၂၀၁၀ ခုနှစ်တွင် ၁၄,၁၉၉ ဦး၊ ၂၀၁၁ ခုနှစ်တွင် ၁၈,၁၃၅ ဦးနှင့် ၂၀၁၂ ခုနှစ်တွင် ၂၅,၀၀၀ ဦး ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီ ၄,၅၅၀ ဦးနှင့် ဖေဖော်ဝါရီ ၄,၉၀၀ ကျော် ရှိကြောင်း ၎င်းက ရှင်းပြသည်။
အလားတူ ငပလီသို့ နိုင်ငံခြားသား ဧည့်သည် နေ့စဉ် အနည်းဆုံး ၈၀၀ လည်ပတ်နေသည်ဟု ရခိုင်ပြည်နယ် ခရီးသွား လုပ်ငန်းများ၏ အဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်မှူးကြီးဟောင်း ဦးဌေးဝင်း က ဆိုသည်။
သို့သော် မြောက်ဦး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာ အစိုးရ၏ နိုင်ငံခြားသား ဝင်ရောက်မှု ကန့်သတ်ချက်များ ကြောင့် ယခုနှစ် တနှစ်လုံး အရှုံးနှင့်သာ ရင်ဆိုင်နေရကြောင်း မြောက်ဦးမြို့ ဟိုတယ်ပိုင်ရှင်များက ဆိုသည်။
“မနှစ်က သြဂုတ်လက စပြီးတော့ ဖွင့်လိုက် ပိတ်လိုက် လုပ်နေခဲ့တာ ဒီလဆန်းမှာ နိုင်ငံခြားသားတွေ မြောက်ဦးကို ဝင်ချင်ရင် ပါမစ် တင်ရမယ််တဲ့။ ဒီတော့ မြောက်ဦးကို နိုင်ငံခြားသားတွေ မလာတော့ဘူးပေါ့” ဟု ဟိုတယ် ပိုင်ရှင်တဦးက ပြောသည်။
၂၀၁၂ ခုနှစ်လယ်ပိုင်း ရခိုင်ဒေသ ပဋိပက္ခကို အကြောင်းပြု၍ ထိုနှစ် သြဂုတ် ၃၀ ရက်နေ့မှ စတင်၍ စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ ကျောက်တော် မဟာမုနိသို့ နိုင်ငံခြားသား လည်ပတ်မူကို ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပိတ်ထားခဲ့သည်။
အခြေအနေ တည်ငြိမ်လာသဖြင့် စက်တင်ဘာလ ၂၄ တွင် အစိုးရမှ တရားဝင် ပြန်လည် ခွင့်ပြုခဲ့သော်လည်း အောက်တိုိဘာ တကျော့ပြန် ပဋိပက္ခတွင် နိုင်ငံခြားသား လည်ပတ်မူကို ထပ်မံ ပိတ်ထားခဲ့ပြီး ၂၀၁၃ ခုနှစ်၊ မတ်လမှစ၍ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်သာ မြောက်ဦးသို့ ဝင်ရောက်ခွင့် ပြုကြောင်း ရခိုင်ပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းမှ သိရသည်။
“မြောက်ဦး ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုပေးနေသူ ၆၀၀ လောက်ဟာ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ရတယ်။
နောက်ပြီး ဒီလုပ်ငန်းကို မှီခို စားသောက်နေကြတဲ့ ခရီးသွား လုပ်ငန်းတွေ၊ လက်လုပ်လက်စားတွေ အားလုံး လုပ်ငန်းတွေ ပျက်စီးသွားခဲ့ရတယ်။ Transport (သယ်ပို့) လုပ်နေတဲဲ့့ စက်လှေသမားတွေလည်း တနှစ်လုံး ဘာမှဝင်ငွေမှ မရှိ” ဟု ခရီးသွားလုပ်ငန်း စစ်တွေ ကိုယ်စားလှယ် ဦးမောင်အေးသန်း က ပြောသည်။
မြောက်ဦးဇုန်မှာ အန္တရာယ်ကင်းသည့် နယ်မြေ ဖြစ်နေ၍ နိုင်ငံခြားသားများအား လွတ်လပ်စွာ လည်ပတ်ခွင့် ပြုခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရရှိလာမှာဖြစ်သလို ဒေသခံများ၏ စားဝတ်နေရေးကိုလည်း ဖြည့်ဆည်းပေးရာ ရောက်ကြောင်း ၎င်းက အကြံပြုသည်။
မြောက်ဦး၌ ဟိုတယ် ၆ ခုရှိပြီး ယခင်နှစ်များက နိုင်ငံခြားသား ၄,၀၀၀ မှ ၈,၀၀၀ အထိ ပုံမှန် လည်ပတ်လေ့ရှိခဲ့ကြောင်း ဟိုတယ်လုပ်ငန်းပိုင်ရှင်များက ဆိုကြသည်။
၂၀၁၂ ခုနှစ် ရန်ကုန်လေဆိပ်မှ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် ၆ သိန်း၊ နယ်စပ်မှ ဝင်ရောက်သူ ၄ သိန်းဖြင့် စုစုပေါင်း ၁ သန်းကျော်ရှိပြီး ရန်ကုန်လေဆိပ် တခုတည်းမှ ဝင်ရောက်သည့်နှုန်းမှာ တနေ့လျှင် ဦးရေ ၁,၀၀၀ နှင့် ၁,၅၀၀ ကြားတွင် ရှိနေသည်ဟု သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားပိုင်နှင့် နိုင်ငံခြားသားပိုင် ဟိုတယ် စုစုပေါင်း ရ၄၆ လုံး ရှိနေပြီး အခန်းပေါင်း ၂၇,၀၀၀ ကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။