ကရင်ပြည်နယ် အတွင်းရှိ လယ်သမားများ အနေဖြင့် မိမိပိုင် လယ်ယာမြေများကို ပြန်လည်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ယခုနှစ် ဆန်းပိုင်းမှစ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးများသို့ လျှောက်လွှာများ သွားရောက် လျှောက်ထားနိုင်ကြောင်း သိရသည်။
၎င်းလျှောက်လွှာများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ လျှောက်ထားခဲ့ရာ လက်ရှိ လျှောက်လွှာလာတင်သူ ၁၀၀ ကျော် ရှိပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးများက တဆင့် အထက်တာဝန်ရှိသူများထံ တင်ပြပေးမည်ဟု သိရကြောင်း ဒေသခံ လယ်သမားများက ပြောဆိုသည်။
ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး စောတာမိုက်က “ကျနော်တို့ကို အထက်က မြို့နယ်ရုံးက ညွန်ကြားလို့ အခုလို လုပ်ပေးရတာပါ။ သူတို့ ညွန်ကြားချက်များ အရဆိုရင် တနိုင်ငံလုံးပဲလို့ သိရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ဒေသခံလယ်သမားများသည် ပြေစာပေါက်သည့် လယ်မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေး အပါအဝင် ၂၀၁၀ ခုနှစ်မတိုင် ခင်ကာလက အသိမ်းခံ လယ်မြေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ရောင်းခဲ့ရသည့် လယ်မြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု စောတာမိုက်က ဆိုသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် လယ်သမားများဘက်က လျှောက်လွှာတင် စားရိတ်များအတွက် ငွေပေးဆောင်ရန် မလိုကြောင်းနှင့် ဖြေရှင်း၍ ရနိုင်သည့် လယ်မြေများကို ဖြေရှင်းပေးပြီး ရှုတ်ထွေးမှုရှိသည့် လယ်မြေများကို သက်ဆိုင်ရာ အစိုးရဌာနများသို့ တင်ပြ လုပ်ဆောင်သွားရန် ရှိသည်ဟုလည်း သိရသည်။
ဘားအံမြို့နယ်၊ မိန်းမရှာရွာသား လယ်သမားတစ်ဦးကလည်း “ကျနော်တို့ရဲ့ လယ်မြေကိစ္စတွေကို နိုင်ငံတော်က တရားမျှတစွာ ဆုံးဖြတ်လုပ်ကိုင်သွားမယ်လို့ ယုံကြည်တယ်။ နိုင်ငံတော်ရဲ့ ဆုံးဖြတ်ချက်များကိုလည်း လေးစားလိုက်နာမယ်။ နောက် မျှော်လင့်ချက်နဲ့ ကျနော်တို့ အခုလို လျှောက်လွှာတွေ လာရောက်တင်ရတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။
နယ်စပ်အခြေစိုက် ကရင်လူ့အခွင့်အရေး အဖွဲ့အစည်း KHRG က အစိုးရနှင့် KNU တို့ အပစ်အခတ် ရပ်စဲပြီးနောက် ကရင်ပြည်နယ် အပါအဝင် မြန်မာပြည်အရှေ့ဘက်ခြမ်း ဒေသများ၌ မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ယခုလ ၅ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
သို့သော် မြန်မာအစိုးရမှ လယ်သမားများအတွက် ယခုလို လယ်ယာမြေလုပ်ကိုင်ခွင့် ပြန်လည်ရရှိရန် ဆောင်ရွက်ပေးနေမှုများကို ကရင်ပြည်နယ်ရှိ ဒေသခံ တောင်သူလယ်သမားများနှင့် ပြည်သူလူထုများက ကျေနပ်အားရနေကြသည်။