မြန်မာနိုင်ငံ နည်းပညာစျေးကွက်တွင် အစိုးရ၏ ပေါ်လစီနှင့် နည်းပညာနှင့် ပတ်သတ်သော ဥပဒေများမှာ အလွန်ပင် အရေးပါကြောင်း မတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော သက်ဆိုင်ရာ နယ်ပယ်အချို့မှ လူငယ်များနှင့် တွေ့ဆုံပွဲတွင် Google အမှုဆောင် ဥက္ကဋ္ဌ အဲရစ် ချမစ် (Eric Schmidt) က ပြောကြားလိုက်သည်။
“မြန်မာ့ အနာဂတ် ခေါင်းဆောင်များနှင့် အဲရစ် ချမစ် စကားပြောခြင်း” ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ MICT တွင် ပြုလုပ်ရာ ဂူဂဲလ် အမှုဆောင် ဥက္ကဋ္ဌ မစ္စတာ စချမစ်ကို စင်မြင့်ပေါ်တွင် တွေ့ရစဉ်။ (ဓာတ်ပုံ - စောဇင်ညီ၊ မဇ္စျိမ)
လွန်ခဲ့သော ဇန်နဝါရီလက မြောက်ကိုရီးယားသို့ သွားရော်ကခဲ့သော မစ္စတာ စချမစ်မှာ ယခုအာရှခရီးစဉ် အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခြင်းဖြစ်သည်။
“အစိုးရရဲ့ ပေါ်လစီနဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေမှာ နည်းပညာ စျေးကွက်အတွက် အလွန် အရေးပါပါတယ်။ စီးပွားရေးစျေးကွက်မှာ စီးပွားရေးသမားနဲ့ လိုအပ်နေတဲ့ ပြည်သူအတွက် အကျိူးရှိနိုင်ပါတယ်” ဟု ဆိုသည်။
အိုင်တီကဏ္ဍမှာ အစိုးရ အနေဖြင့် ပွင့်လင်းမြင်သာစွာ ရှိသင့်ပြီး အင်တာနက် ဥပဒေ ရှိနိုင်မည် ဆိုပါကလည်း ပိုမို၍ ဂူဂဲလ်အတွက် အဆင်ပြေကြောင်း ၎င်းကဆိုသည်။
ဂူဂဲလ် ဥက္ကဋ္ဌနှင့် အဖွဲ့ လာရောက်ခြင်းမှာ ပထမဆုံးဖြစ်ပြီး မြန်မာနိုင်ငံ၏ အခြေအနေကို လာရောက်လေ့လာရန်နှင့် လူငယ်များ၏ ပညာရေးကဏ္ဍအား ဆွေးနွေးရန်၊ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် ပြည်သူ့ရေးရာ အရာရှိ Amy Kunrojpanya က ပြောသည်။
“ကျမတို့ အနေနဲ့ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ မြန်မာအကြောင်းကို နားထောင်မယ်။ လေ့လာမယ်။ အဲဒီအထဲကမှ သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်မျိူးကို ဖန်တီးပေးနိုင်မယ်” ဟုဆိုသည်။
ယခုအချိန်တွင် မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသော လူဦးရေ နည်းပါးသေးပြီး အဆိုပါ ဂူဂဲလ် ကုမ္ပဏီ ဝင်လာသည့် အချိန်၌ အင်တာနက် သုံးသူ အဆင်ပြေအောင် လုပ်ပေးနိုင်မည် ဖြစ်ကြောင်းလည်း Amy Kunrojpanya က ပြောသည်။
ပုဂ္ဂလိက ကဏ္ဍကို ဖွ့ံဖြိုးတိုးတက်အောင် လုပ်ရန်နှင့် လိုအပ်ချက်များကို လေ့လာသုံးသပ်ပြီးလျှင် နိုင်ငံ၏ သက်ဆိုင်ရာ အခန်းကဏ္ဍများမှ ပူးပေါင်းလုပ်ဆောင် ပေးရန်လိုအပ်ကြောင်း ဂူဂဲလ် ဥက္ကဋ္ဌက မှတ်ချက်ပေးသည်။
ဂူဂဲလ်ကုမ္ပဏီသည် နိုင်ငံ အများအပြားတွင် ရုံးခွဲများ ဖွင့်လှစ်ထားသော်လည်း ၎င်းတို့ လွတ်လပ်စွာ လုပ်ကိုင်နိုင် သည့် နိုင်ငံများတွင်သာ ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူက ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် နည်းပညာနှင့် ပတ်သတ်သော ဥပဒေများ လွတ်လပ်စွာ ရှိပါမှ လာရောက် ရင်းနှီးမြုပ်နှံနိုင်ကြောင်း ကွန်ပျူတာ ပညာရှင်အသင်းမှ အတွင်းရေးမှူး ဦးသောင်းစုငြိမ်း က ပြောသည်။
“မြန်မာနိုင်ငံမှာ ဥပဒေအရ လွတ်လပ်မှ။ အစိုးရက ဥပဒေအရ လွတ်လပ်ခိုင်မာတဲ့ ဥပဒေကို ရေးဆွဲရမယ်။ ဥပမာ အွန်လိုင်းမှာ စျေးဝယ်မယ်။ အမှားအယွင်း ရှိရင် ဘယ်ဥပဒေနဲ့ တရားရုံးမှာ ဘယ်လို စစ်ဆေးရမယ် စတာတွေကို အစိုးရက ရေးဆွဲဖို့ လိုမယ်” ဟု ဆိုသည်။
ထို့ပြင် အစိုးရ အနေဖြင့် နည်းပညာ အဆောက်အအုံများ ထပ်မံတည်ဆောက်ရန် လိုအပ်ပြီး ၎င်းကို အစိုးရမှ လုပ်ခွင့်ပြုပါက ပုဂ္ဂလိက ကုမ္ပဏီများ တည်ဆောက် သွားနိုင်ကြောင်း ဦးသောင်းစုငြိမ်း က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံအတွက် ဂူဂဲလ်နေဖြင့် အနာဂတ်တွင် ရည်ရွယ်ချက်များရှိကြောင်း ယနေ ့MICT PARK တွင်ပြုလုပ် သော ပွဲတွင် ဂူဂဲလ် ဥက္ကဋ္ဌ အဲရစ် ချမစ်က ပြောကြားခဲ့သည်။
လွန်ခဲ့သော ဒီဇင်ဘာလကလည်း အငြင်းပွားဖွယ်ဖြစ်သော မြောက်ကိုရီးယား ခရီးစဉ်ကို မစ္စတာ ချမစ် သွားရောက် ခဲ့ဖူးပြီး ယခု အာရှခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။