သျှမ်း-ကယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ၀ ပြည်နယ်ရရှိရေး UWSP/UWSA တောင်းဆို

သျှမ်း-ကယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ၀ ပြည်နယ်ရရှိရေး UWSP/UWSA တောင်းဆို
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လားရှိုးမိုတယ်၌ ယမန်နေ့က စတင်ကျင်းပသော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ ၀ တပ်ဖွဲ့ UWSP/UWSA က သီးခြား ၀ ပြည်နယ်ထူထောင်နိုင်ရန် တောင်းဆိုကြောင်း သိရသည်။

Shan-Kayar 1

“ဆွေးနွေးပွဲမှာ ၀ ဖက်က သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြတယ်ပေါ့။ ၁၉၉၃ ကတည်းက တောင်းဆိုလာတာပေါ့။ ၀ ပြည် မထူထောင်နိုင်သရွေ့ ဆက်ပြီး တောင်းဆိုသွားမယ်လို့ ၀တပ်ဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်တဲ့ သျှောင်းဆမ်ခွန်း က ပြောတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝင်ဆွေးနွေးတဲ့သူတော့ မရှိဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦးက ပြောဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့် အယ်ဒီတာ ဦးခွန်ဆိုင်း က အိန္ဒိယနိုင်ငံအား  ဂန္ဒီ ဦးဆောင်စဉ် မူဆလင် ဘာသာဝင်များက အိန္ဒိယမှ ခွဲထွက်ရန် တောင်းဆိုရာ ဂန္ဒီက မူဆလင် ဘာသာဝင်များအား အိန္ဒိယကို အုပ်ချုပ်စေခဲ့သော်လည်း ဟိန္ဒူဘာသာဝင်များက သဘော မတူကြောင်း ဥပမာပေး သုံးသပ်ပြောဆိုသည်။

“မူဆလင်တွေ အိန္ဒိယကို အုပ်ချုပ်ခွင့် ပေးနိုင်ပေမဲ့ ဟိန္ဒူတွေ မူဆလင်ကို ဆန့်ကျင်တာ သူမတားနိုင် ဘူးလို့ ဂန္ဒီက ပြောတယ်။ အခုလည်းဘဲ ၀ ပြည်ထူထောင်ဖို့ တောင်းဆိုလာတာလည်း ဒါသူတို့ရဲ့အခွင့် အရေးဘဲ။  ဒီလိုတောင်းဆိုလာတာ  ဆန့်ကျင်တဲ့သူတွေရှိရင်လဲ ကျနော်တို့ သွားတားလို့ မရဘူး။ ဒါကြောင့် သွေးချင်း ဝ တွေက သျှမ်းပြည်ကနေ မခွဲထွက်ဘဲ အတူတကွ ပူးပေါင်းနေနိုင်ဖို့ ဘယ်လို လုပ်ရမယ် ဆိုတာလည်း ဆွေးနွေးရမယ်”  ဟုဆိုသည်။

ဆွေးနွေးပွဲသို့ အမေရိကန်၊ အင်္ဂလန်၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံတို့မှ အရာရှိများ၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း၊ နိုင်ငံရေးပါတီများနှင့် လက်နက်ကိုင် အဖွဲ့ အစည်း ၂၁ ဖွဲ့မှ ကိုယ်စားလှယ်များ၊ လူထုကိုယ်စားလှယ်များ စုစုပေါင်း ၁၈၀ ကျော် တက်ရောက်ကြောင်း သိရသည်။

Most read this week