မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ် အတ္ထရန်မြစ်ကြောင်းအတွင်း ကန်ထရိုက်စနစ်ဖြင့် ငါးဖမ်းခွင့် လိုင်စင်ရထားသူ တစ်ဦးကြောင့် လိုင်စင်မဲ့ ဝမ်းစာ ငါးရှာဖွေသူများ အခက်အခဲတွေ့နေရသည်ဟု သိရသည်။
မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ချပေးသည့် ကန်ထရိုက်ကို ကျိုက္မရောမြို့နယ် ပိန္နဲကုန်းရွာနေ လုပ်ငန်းရှင်တဦးက ရရှိထားခြင်းဖြစ်သည်ဟု ကျိုက္မရောမြို့နယ် နိတုံရွာမှ ၀မ်းစာအတွက် ငါးပိုက်မျှောစားသူ တဦးက ပြောသည်။
နိတုံရွာမှ အခြား တံငါသည်တဦးကလည်း ကန်ထရိုက်ရထားသူက အတ္ထရန်မြစ်လယ်မှာ “ကျားပါးစပ်ပိုက်” ခေါ် ပိုက်ကြီး ချထားပြီး ကန်ထရိုက် ဧရိယာ အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများအား ငါးဖမ်းခွင့် မပေးသည့် အပြင် သူ၏ခွင့်ပြုချက်မရပါက တားမြစ်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည်ဟု ပြောသည်။
“ကန်ထရိုက်ရသူမှတဆင့် ငါးသလောက်ပိုက်၊ ကမ်းစပ်တားပိုက်၊ လက်ပစ်ပိုက်၊ မျှောပိုက်အားလုံးကို ဝမ်းစာ ရှာသူတွေဆီက ငွေကောက်ယူပြီးမှ ငါးဖမ်းခွင့်၊ ရှာခွင့် ရကြတာ” ဟု ငါးသလောက်ပိုက်မျှော သူတဦးက ပြောသည်။
ကန်ထရိုက်ရရှိထားသည့် အတ္ထရန်မြစ် ဧရိယာမှာ ကျိုက္မရောမြို့ အနောက်ဘက်ခြမ်းမှ ကြာအင်း ဆိပ်ကြီးမြို့ နယ်စပ်ဧရိယာအထိ ပါ၀င်ပြီး အတ္ထရန်မြစ်နံဘေးတွင် ကျိုက္မရောမြို့ ကမ်းနားပိုင်းရပ်၊ မယ်ဂရိုရွာ၊ နိတုံရွာ၊ ကွမ်းငန်းရွာ၊ ဦးလေးရွာ၊ ငါးပြေမရွာများ တည်ရှိသည်။
“ဒီရွာကလူတွေအားလုံးက အရင်ကတည်းက မြစ်တွင်းက ငါးတွေဖမ်းနေကြတာ၊ လွန်ခဲ့တဲ့ ၅ နှစ်ကစပြီး လက်လုပ်လက်စားတွေမကျန် လိုင်စင်မရှိရင် ငါးမဖမ်းရလို့ ပိုက်တွေသိမ်း၊ ဒဏ်ငွေတွေရိုက် ခံရတာ အခုထိပဲ” ဟု ဝမ်းစာအတွက် ငါးဖမ်းနေသူ နိတုံရွာသားတဦးက ပြောသည်။
ထို့အပြင် ကန်ထရိုက်ရထားသူက ရွာတိုင်းမှာ ကိုယ်စားလှယ်ထားရှိပြီး ငါးဖမ်းလိုသူများက ၄င်းကိုယ်စားလှယ် ကို အကောက်ငွေ ပေးပြီးမသာ မြစ်အတွင်း ငါးဖမ်းခွင့်ရကြောင်း “နိတုံရွာက ကိုယ်စားလှယ်က ဦးကွန်ဗလိုင်ပါ၊ သူ့ဆီကိုငွေပေးရမယ်၊ နောက်ပြီး သူက ငါးဖမ်းခွင့် ပေးတယ်၊ မျှောပိုက်တစ်ဖေါင်ကျပ် တစ်သောင်း၊ ကမ်းခြေလတာပြင် တားပိုက်က ကျပ် သုံးသောင်း ပေးနေရတယ်။ မြစ်ထဲမှာ ပိုက်ကွန် အမျိုးမျိုး ပစ်ခွင့်ရဖို့ ကျပ်ငွေတစ်သောင်း ပေးရတယ်” ဟု နိတုံရွာသား တံငါသည် တယောက်က ပြောသည်။
ဝမ်းစာရှာစားသူများ အနေဖြင့် ကန်ထရိုက်မှ သတ်မှတ်ငွေအတိုင်း မပေးနိုင်၍ ငါးမဖမ်းနိုင်ပဲ မိသားစု အခက်အခဲ ဖြစ်သူများ ရှိသလို တချို့က ၄င်းအခက်အခဲကို ဖြေရှင်းရန် ဝင်ရောက်ငါးဖမ်းမိ၍ ပိုက်သိမ်းခံရ၊ ဒဏ်ငွေရိုက်ခံရသူများလည်း ရှိသည်ဟု ပြောသည်။
“ရွာက အရင်ကတည်းက မိရိုးဖလာငါးရှာစားလာတာ၊ လွန်ခဲ့တဲ့ငါးနှစ်လောက်ကစပြီး ဒီမြစ်ထဲက ငါးပုစွန် တွေကို ငွေရှင်တဦးဦးကို လုပ်ပိုင်ခွင့်ပေးတယ်၊ အခွန်အကောက်ငွေ မပေးနိုင်တဲ့ လက်လုပ် လက်စား၊ ဝမ်းစာရှာစားသူတွေ ဒီမြစ်ကို အားကိုးနေရတဲ့ ရွာတိုင်း ငါးရှာသူတိုင်း ငါးရှာခွင့်မရတော့ ဒုက္ခရောက်ရတယ်” ဟု ငါးဖမ်းပိုက်အသိမ်းခံရ၍ ငွေပေးပြီးမှ လုပ်ခွင့်ရသူ ကျိုက္မရောမြို့မှ ငါးရှာသူ တဦးက ပြောသည်။
လိုင်စင်မဲ့ ငါးရှာသူများ၏ ပိုက်ကို လိုက်သိမ်း၊ လိုက်လံဖမ်းဆီးတာမျိုး လုပ်သည့်အခါ ကန်ထရိုက် အဖွဲ့နှင့် အပစ်ရပ် ကရင်အဖွဲ့ တဖွဲ့ဖွဲ့၏ အကူအညီနှင့် လိုက်လံ သိမ်းတာမျိုး၊ ဒဏ်ငွေရိုက်တာမျိုး လုပ်တတ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ နောက်ဆုံးပတ်က ဒဏ်ငွေအရိုက်ခံခဲ့ရသူ အမည်မဖေါ်လိုသည့် နိတုံရွာသား တဦးက ပြောသည်။