ချင်းအမျိုးသားတပ်ဦး CNF စတင် ဖွဲ့စည်းခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ၂၅ နှစ်ပြည့် တော်လှန် ရေးနေ့ ငွေရတုသဘင် အခမ်းအနားကို ၀ိတိုရိယ ဌာနချုပ်တွင် ကျင်းပကြောင်း သိရသည်။
ချင်းအမျိုးသားများ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက် ရေး၊ ဒီမိုကရေစီ ထွန်းကားရေး ရည်မှန်းချက်များဖြင့် CNF တပ်ဖွဲ့အား ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ချင်းအမျိုးသားတို့သည် အင်္ဂလိပ်နယ်ချဲ့ကျူးကျော်မှုရန်၊ ပင်လုံကတိကဝတ် အရ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှ သွေဖီသွားသည့် တပြည်ထောင်စနစ် တည်ဆောက်နေမှုအား ခုခံတိုက်ပွဲဝင်လာခဲ့ ကြောင်း ယနေ့ ထုတ်ပြန်သည့် CNF ကြေညာချက်၌ ဖော်ပြထားသည်။
ထို့အပြင် မွေးရာပါ အခွင့်အရေးများနှင့် အမျိုးသားဂုဏ်အင် လက္ခဏာများအား ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်နှင့် အဆိုပါအခွင့်အရေးများ အပြည့်အဝ မရမချင်း သားစဉ်မျိုးဆက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ကြေညာချက်က ဆိုသည်။
ဆက်လက်၍ မိမိတို့ ချင်းပြည်တွင် လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်ပြီး ချင်းအရေးကို ချင်းအမျိုးသားများ ကိုယ်တိုင် ဖန်တီးပြဌာန်းနိုင်သည့် အခြေအနေရောက်မှသာ စစ်ပွဲ ပြီးဆုံးသွားမှာဖြစ်ကြောင်း ထိုအခြေအနေ မရောက်မချင်း ခုခံတော်လှန်စစ် ဆက်လက် ရှိနေဦးမည်ဟုလည်း ဆိုသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်များ စုဖွဲ့ထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်များ အားလုံးနှင့် အတူ မြန်မာ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးရာတွင် လည်းကောင်း၊ ပူးတွဲလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင်လည်းကောင်း CNF အနေဖြင့် လက်တွဲတိုက်ပွဲ ၀င်သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။
၂၅ နှစ်တာ တော်လှန်ရေး တိုက်ပွဲအတွေ့အကြုံအရ နောင်လာမည့် အနာဂါတ်တွင် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးမှ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ရေး၊ အဖွဲ့အစည်းတဖွဲ့ ချင်းစီ အင်အားမှ တိုင်းရင်းသားအားလုံး အင်အားသို့ တက်လှမ်းပြီး ပျော်ရွှင်ချမ်းမြေ့သော တိုင်းပြည် တည်ဆောက် ရေးဆီသို့ တက်ညီလက်ညီ ချီတက်သွားရန် CNF က တိုက်တွန်းထားသည်။
အခမ်းအနားသို့ ချင်းအမျိုးသားတပ်ဦး တပ်မတော်ခေါင်းဆောင်များ၊ ချင်းမိဘပြည်သူများ တက်ရောက်ကြ ကြောင်း အလားတူ နိုင်ငံတကာရှိ ချင်းအမျိုးသား တပ်ဦး အဖွဲ့ဝင်များ ရှိရာ ဒေသများတွင်လည်းတော်လှန် ရေး အခမ်းအနားများ ကျင်းပကြကြောင်း သိရသည်။