အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သဘောတူခဲ့ကြသည့် လွတ်လပ်စွာ ကုန်သွယ်မှု (FTA)မှာ ပိုမိုပွင့်လင်းသော လုပ်ငန်းစဉ် ရှိရန် မြန်မာ နယ်စပ်ရှိ အိန္ဒိယ လူမှုအဖွဲ့အစည်းများက
တောင်းဆိုလိုက်ကြသည်။
မြန်မာနိုင်ငံနှင့် နယ်နိိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များရှိ The North East Peoples Alliance ၊ Forum for Indigenous Perspectives and Action ၊ Center for Organization, Research and Education နှင့် Women in Governance (WinG) တို့က ထိုင်းအစိုးရ ဝန်ကြီးချုပ်ရုံး အမြဲတမ်း ကိုယ်စားလှယ် ဒေါက်တာ Nalinee Taveesin ထံသို့ FTA ညှိနှိုင်း ဆွေးနွေးမှုတရပ်ကို တင်ပြခဲ့ကြကြောင်း မဏိပူရပြည်နယ် အခြေစိုက် Imphal Free Press သတင်းစာက ရေးသားထားသည်။
ပိုမိုပွင့်လင်းမြင်သာမှု ရှိမှသာ ညှိနှိုင်းဆွေးနွေးထားမှုနှင့် ကွာဟမှုကို အများပြည်သူသို့ သိရှိစေပြီး ၎င်းတို့၏ စိုးရိမ် ပူပန်မှုများကို အပြည့်အဝ နားလည်သဘောပေါက်မည်ဟု ၎င်းတို့က ဆိုသည်။
အထိန်းအကွပ်မဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပုံစံဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အာမခံစေခြင်းသည် လူထုဘဝနှင့် ၎င်းတို့၏ ဝန်းကျင်တွင် ကသောင်းကနင်း ဖြစ်နိုင်ကြောင်း ထောက်ပြထားသည်။
မြန်မာနိုင်ငံသည် အာဆီယံနှင့် အိန္ဒိယ အပါအဝင် တောင်အာရှနိုင်ငံများအကြား ပေါင်းကူး ကုန်းမြေတရပ် အဖြစ် တည်ရှိနေသည်။
အိန္ဒိယနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး ဆက်ဆံမှုများ ပိုမို အားကောင်းလာစေရေး အတွက် အခရာကျလှသည့် ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု (FTA) တရပ်ကို ယမန်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က အပြီးသတ် ဆွေးနွေးနိုင်ခဲ့ကြသည်။
“အိန္ဒိယ အရှေ့မြောက်တလျှောက် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (FTA) ကို ၁၉၉၅ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွေ့အကြံု သတင်းအချက်အလက်များ ပေးရပါမည်။ ထို အတွေ့အကြံုအရ ဒေသတွင်း ထုတ်ကုန်အရင်းခံများ ပျက်စီးမှု ကြံုခဲ့ရသည်။ အိန္ဒိယ-အာဆီယံ FTA အကောင်အထည်မဖေါ်မီ တူညီသော အကဲဖြတ် ဆောင်ရွက်မှုတခု လုပ်ရပေမည်” ဟု ဖေါ်ပြသည်။
ဇီဝမျိုးကွဲနှင့် ယဉ်ကျေးမှု၊ သတ္တု၊ ရေအား စွမ်းအင် အရင်းအမြစ်များအရ အိန္ဒိယ အရှေ့မြောက်သည် မျိုးကွဲ အစုံလင်ဆုံး ဒေသတခုဖြစ်ပြီး သဘာဝရင်းမြစ်များ ထုတ်ယူ သုံးစွဲသော လုပ်ငန်းများနှင့် ရေအရင်းအမြစ် စွမ်းအင် ထုတ်ယူမှုများကြောင့် ဒေသခံများ ရွှေ့ပြောင်းမှုများနှင့် အသက်မွေးဝမ်းကျောင်း ထိခိုက်ရမှုများ ရှိလာနိုင်သည်ကို ယင်းတင်ပြချက်တွင် မီးမောင်းထိုးပြခဲ့သည်။ အတိတ်ကာလက ဧရာမ ဆည်ကြီးများကြောင့် ဒေသတွင်း သဘာဝ ဝန်းကျင် ထိခိုက်ခဲ့ရမှုများကိုလည်း အသားပေး ဖေါ်ပြထားသည်။
ထို့ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေး စံများအရ လူမှုကဏ္ဍ တင်းကျပ်မှုများ လိုအပ်ကြောင်း တင်ပြချက်က ဆိုသည်။
လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု လုပ်ငန်းစဉ်နှင့် ယင်းကို အကောင်အထည် ဖေါ်ခြင်းကို ကုလသမဂ္ဂ၏ဒေသခံလူထု အခွင့်အရေးဆိုင်ရာ ကြေညာချက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO) ၁၆၉၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လက်ရှိ ညွှန်ကြားချက်တို့ကို စောင့်ထိန်းသည့်အနေဖြင့် အရှေ့မြောက်ဒေသ လူထု အခွင့်အရေးများအရ အသိပေးရမည်ဟုလည်း အိန္ဒိယ NGO အဖွဲ့များ၏ တင်ပြချက်တွင် ထပ်မံဖေါ်ပြထားသည်။
လက်ရှိ အိန္ဒိယ-အာဆီယံ ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ဝ ဘီလီယံ ရှိနေပြီး လွတ်လပ်စွာ ကုန်သွယ်မှုနောက် ၂ဝ၁၅ ခုနှစ်တွင် နှစ်ဖက် ကုန်သွယ်မှုကို ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ရန် ရည်ရွယ်ထားကြသည်။
မြန်မာနှင့် အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးမှာ လက်ရှိ ဘဏ္ဍာနှစ်တွင် လျာထားချက်ထက် ကျော်လွန်ခဲ့သည်ဟု မဇ္စျိမက စုံစမ်းသိရှိရသည်။ မတ်လ ကုန်အထိ ဒေါ်လာ ၂၂ သန်း ကုန်သွယ်နိုင်ရန် လျာထားခဲ့ရာ မတ်လ ၁ ရက်နေ့တွင်ပင် လျာထားချက် ကျော်စွာ ကုန်သွယ်နိုင်ခဲ့ကြောင်း တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
ထို့ပြင် ၁၉၈၈ မိုင် ရှည်လျားသည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေး ကားလမ်းမကြီးကို ၂၀၁၆ ခုနှစ်တွင် အပြီး
ဖောက်လုပ်ရန် အိန္ဒိယဘက်မှ စိုင်းပြင်းလျက်ရှိသည်။