သံလွင် တာ့ဆန်းရေကာတာဟူသည့်အမည်မှ မိုင်းတုံရေအားလျှပ်စစ်ဟူသည့်အမည်သို့မကြာမီက ပြောင်းလဲလိုက်သည့် အထက်သံလွင် ရေကာတာစီမံကိန်းကြောင့် သံလွင်မြစ်ကမ်းတလျှောက် ၈ မြို့နယ်ထက်မနည်း ရေလွှမ်းမိုးမှုခံရမည်ဖြစ်ကာ ကျေးရွာ ၁၀၀ ကျော် ပြောင်းရွှေ့ခိုင်းမှုသည်လည်း စတင်နေပြီဖြစ်ကြောင်း သျှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးအဖွဲ့ကပြောပါသည်။
“ မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းအတွက် ရေကာတာဆောက်မယ့်နေရာမှာ လုပ်သား ၄၀၀ကျော်ရောက် နေပြီ။ အလုပ် သမားတွေနေမယ့် အစိမ်းရောင်အိမ်၊ တန်းလျားတွေလည်းဆောက်ပြီးနေပြီ။ သံလွင်မြစ်ဘေး တလျှောက်က ရွာ ၁၂၃ ရွာ ကိုလည်း အစိုးရက ပြောင်းခိုင်းဖို့ရှိတယ်။ မြန်မာစစ်တပ် စစ်ကြောင်းလှည့်တဲ့ ရွာငယ်လေးတွေတောင်မှ အခုပြီးခဲ့တဲ့ လ ကစပြီး ပြောင်းခိုင်းနေပြီ” ဟု သျှမ်းသဘာ ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင်ကပြောပါသည်။
၂၀၁၁ ခု နှစ်နှောင်းပိုင်းမှစ၍ ရပ်ဆိုင်းခဲ့သော သျှမ်းပြည်တောင်ပိုင်း မိုင်းပန် - မိုင်းတုံကြားရှိ သံလွင်မြစ် တာ့ဆန်းရေအား လျှပ်စစ်စီမံကိန်းအစား ထိုနေရာ၏ အထက်ဘက် ၁၀ မိုင်သို့ ပြောင်းရွှေ့ကာ အထက်သံလွင်ခေါ် မိုင်းတုံရေအားလျှပ်စစ် စီမံကိန်း အမည်ဖြင့် ယခုနှစ်ဆန်းကပြန်လည် တည်ဆောက်နေခြင်းဖြစ်သည်။
မိုင်းပန်မြို့တွင်မူ ကျိုင်းတောင်းရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးအချိန်ပြည့်သုံးစွဲနိုင်ပြီဖြစ်ပြီး မိုင်းတုံ၊ မိုင်းဆတ်မြို့တို့တွင် လျှပ်စစ်မီးမရရှိသေးသဖြင့် (စီမံကိန်းအားဆန့်ကျင်ကန့်ကွက်မှုမပြုအောင် ရည်ရွယ်၍) မိုင်းတုံရေအားလျှပ်စစ်အမည်ဖြင့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း အစိုးရအာဏာပိုင် များနှင့်နီးစပ်သည့် နိုင်ငံရေးပါတီဝင် တဦးကလည်းပြောပါသည်။
၎င်းနှင့်ပတ်သက်၍ သျှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ စိုင်းခေးဆိုင်က “ ကျနော်တို့ရမယ့်ဟာနဲ့ ကျနော်တို့ ပေးဆပ်ရမယ့်ဟာကိုချိန်ဆ ကြည့်စေချင်တယ်။ လျှပ်စစ်မီးရလာရင် ၉၀ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံ EGAT ကုမ္ပဏီကိုရောင်း ပေးရမှာ။ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုဘဲ ပြည်တွင်းမှာသုံးမှာ။ ၁၀ ရာခိုင်းနှုန်းဆိုတာ ဘယ်လောက်ဘဲရှိမလဲ။ သံလွင်မြစ် အရှေ့ခြမ်းတခုလုံးအတွက် ပေးလောက်မယ်ဆိုရင်တော့ တမျိုးပေါ့ဗျာ။ သို့မဟုတ်ရင်တော့ ရေကာတာကျိုးရင်၊ ငလျင်လှုပ် ရင်၊ မိုးသည်းရင် မိုင်းတုံ၊ မိုင်းဆတ်တည်းတင်မကဘူး။ မိုင်းပန်၊ လင်းခေး၊ ကွန်ဟိန်း၊ ကာလိ၊ မိုင်းပူးလုံ၊ မိုင်းပူးအွန် အထိ ရေအောက်ရောက်ကုန်မှာ။ ကျနော်တို့ သျှမ်းပြည်လူထုကို အဲတာတွေထည့်စဉ်းစားစေချင်ပါတယ်ခင်ဗျ” ဟု သတိပေး ပြောဆိုလိုက်ပါ သည်။
တာ့ဆန်းစီမံကိန်း စမ်းသပ်အကောင်အထည်ဖေါ်နေသည့် တရုတ်အင်္ဂျင်နီယာသုံးဦးအား အမည်မသိအုပ်စု တခု က ၂၀၁၁ မေလ မှ ဩဂတ်လ်ပိုင်းအထိ သုံးလကျော် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း တာ့ဆန်း ရေအားလျှပ်စစ်စီမံကိန်းလည်း ရပ်တန့်ထားရာမှ ယခုနှစ်ဆန်းပိုင်းမှ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းအမည် ဖြင့် ပြန်လည်စတင်ခဲ့ခြင်းဖြစ်၏။ အဆိုပါ စီမံ ကိန်းပြီးဆုံးပါက လျှပ်စစ်ဓါတ် အားပမာဏ ရ၁၁၀မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်၏။ ထိုစီမံကိန်းကြောင့် ၁၉၉၆ မှစ၍ရွာ ပေါင်း ၁၅၀၀၊ လူဦးရေ ၃ သိန်း ကျော် နေရပ်မှ စွန့်ခွာခဲ့ရသည်ဟု သျှမ်းလူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအဖွဲ့များကပြောသည်။