တိုက်ပွဲဆက်မလုပ်တော့ဟု SSPP အား ရမခ တိုင်းမှူးခေါ်ပြော

တိုက်ပွဲဆက်မလုပ်တော့ဟု SSPP အား ရမခ တိုင်းမှူးခေါ်ပြော
by -
သျှမ်းသံတော်ဆင့်

၂ ရက်တာ တိုက်ပွဲခေတ္တငြိမ်သက်သွားချိန်တွင် ရမခ တိုင်းမှူးက သျှမ်းပြည်တပ်မတော်၏ လားရှိုးရုံးထိုင်အား လွတ်လပ် စွာလှုပ်ရှားသွားလာနိုင်ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှ လိုက်လံ နှောင့်ယှက် ပစ်ခတ်ခြင်း ပြုလုပ်မည် မဟုတ်တော့ ကြောင်းပြောကြားသည်ဟု  SSPP/SSA ကပြောပါသည်။

SSPP/SSA တပ်သားများ

“မနေ့က မနက် ၉ နာရီမှာ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကျနော်တို့ရဲ့ လားရှိုးမြို့ ဆက်ဆံ ရေးရုံးထိုင် အရာရှိကို ခေါ်ပြီးတော့ ‘ခင်ဗျားတို့ စခန်းကို တက်တိုက်တဲ့ ကျနော်တို့စစ်ကြောင်းကို နောက်ဆုတ်ဖို့ ထွက်ပေါက်ပေးလို့ ကျေးဇူးတင် တယ်။ ရှေ့ဆက်ပြီးတော့ ခင်ဗျားတို့ကို မနှောင့်ယှက်တော့ဘူး။ ခင်ဗျားတို့ အဲဒီဘက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာပါ့’ လို့ပြောတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောသည်။

ယခုလ ၁၂ ရက် ညနေပိုင်းက တန့်ယန်းမြို့နှင့် မိုင်းကောင်တိုက်နယ်ကြား သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ တပ်ရင်း ၁၉၂  လွယ်စေးတပ်စခန်းအား မြန်မာစစ်တပ် ခလရ ၂၉၁ တို့မှ တက်တိုက်ခြင်းဖြစ်သည်။ သျှမ်းပြည် တပ်မတော် ၏ ဝန်းရံတိုက်ခိုက်ခြင်းခံရပြီး အဆိုပါစစ်ကြောင်းကွဲသွားရာ မိုင်းကောင်ဘက်တပ်ဆုတ်ပြန်နိုင်ရန် သျှမ်းပြည်တပ်မတော် ဘက်က လမ်းဖွင့်ပေးပြီး နှစ်ရက်တာဖြင့် တိုက်ပွဲ ပြီးဆုံးသွားခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ် မတော် ဌာနချုပ်က အရာရှိ များကဆိုသည်။

“ ၁၂ ရက်နေ့ ညနေပိုင်းက အစိုးရတပ်ဖွဲ့ကွဲတယ်။ ကျနော်တို့ကိုတိုက်စစ်ဆင်နေတဲ့ နမ့်ပေါင် အခြေစိုက် ခလရ ၂၉၁ လေ။ သူတို့တွေကွဲသွားပြီး တယောက်တပေါက်ထွက်ပြေးကြတယ်။ တချို့ဆို ကျွဲအုပ်နွားအုပ်ထဲပြေးပုန်းကြတယ်။ ကျနော်တို့နယ် မြေ ဆိုတော့ဗျာ၊ သူတို့က နယ်မြေလဲမကျွမ်းဘူးလေ။ သူတို့ဘက်တော့ အသေအကျများတယ်၊ တိကျတော့စာရင်းမရ သေးဘူး” ဟု သျှမ်းပြည်တပ်မတော်မှ တပ်မှူးတဦးကပြောပါသည်။

နှစ်ဦးနှစ်ဘက်အင်အားဖြည့် တိုက်ခိုက်မှုကြောင့် တိုက်ပွဲမှာ ၁၃ ရက်နေ့ ညနေပိုင်းအထိ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲများ ငြိမ်သက်သွားပြီးနောက်ပိုင်း ရမခ တိုင်းမှူးက SSPP အား ထိုသို့ခေါ်ပြောခြင်းဖြစ်သည်။

ယခင်လလယ်က သျှမ်းပြည်တပ်မတော်အား ထိုးစစ်ဆင်နေမှု တိုက်ပွဲများရပ်တန့်ရန် သမ္မတဦးသိန်းစိန် ညွှန်ကြားပြီး တလ မပြည့်မီ အဆိုပါဒေသတဝိုက်အတွင်း တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။ ယခုတကြိမ် ဖြစ်ပွားသည့် တိုက်ပွဲလည်း အစိုးရတပ်က ရေခပ်ဆင်းသည့် သျှမ်းပြည်တပ်မတော် ရဲဘော်အားချောင်း မြောင်းပစ်ခတ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။