ကြေးနီစီမံကိန်း ဒေသခံများ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြ

ကြေးနီစီမံကိန်း ဒေသခံများ ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒပြ
by -
မဇ္စျိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသသို့ သွားရောက် ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ဆည်တဲနှင့် မိုးကြိုးပြင် ကျေးရွာမှ ဒေသခံများက ဆန္ဒပြခဲ့ကြောင်း သိရသည်။

လူထုနှင့် တွေ့ဆုံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှ ကျေးရွာများကို ရွှေ့ပြောင်းရန်နှင့် ရွာသူရွာသားများရဲ့ အကျိူးအတွက် အလုပ်အကိုင် အခွင့်အလမ်း တွေကို လုပ်ကိုင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဆည်တဲကျေးရွာ ဒေသခံ တဦးက မဇ္စျိမသို့ ပြောသည်

ထို့နောက် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဆည်တဲ ကျေးရွာမှ ပြန်လည်ထွက်ခွာ၍  လိပ်ခွံတောင်ပေါ် သပိတ်စခန်းသို့ သွားရောက်ခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“လွန်ခဲ့တဲ့ ၁၅ မိနစ်က ရွာထဲက ပြန်ထွက်သွားပြီ။ ရွာသားအကုန်လုံး သူ့ကို လမ်းလျှောက်ပြီး ဆန္ဒပြကြတယ်။ သူ့နောက်လိုက်ပြီးတော့ ဆန္ဒပြတာ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြခဲ့ကြောင်း  ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာ ဓမ္မာရုံမှ လမ်းလျှောက်ထွက်ခွာသွားပြီး ရွာသူရွာသားများက နောက်မှ လိုက်လံကာ “ဦးပိုင် ကာကွယ်ပေးသူကို အလိုမရှိ” ၊ “မီးလောင်ဗုံး တရားခံများအား အမြန်ဆုံး အရေးယူပေးရေး” ၊ “ပုဒ်မ ၁၄၄ အမြန်ဆုံး ရုပ်သိမ်းရေး” အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ဆန္ဒပြခဲ့ကြောင်း ဒေသခံမှ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆည်တဲကျေးရွာမှ လိပ်ခွံတောင်ပေါ် သပိတ် စခန်းသို့ ထွက်ခွာသွားကြောင်းနှင့် လိပ်ခွံတောင် သပိတ်စခန်းနှင့် ဆည်တဲကျေးရွာ သုံးမိုင်ခန့် ကွာဝေးကြောင်း ဒေသခံက ပြောဆိုသည်။
 
အလားတူ ဆည်တဲကျေးရွာမှ အပြန် မိုးကြိုးပြင် (မြောက်ရွာ) အရောက်တွင် ဒေါ်အောင်ဆန်း စုကြည်အား ရွာသူရွာသားများက ဆန္ဒပြခဲ့ကြောင်း မိုးကြိုးပြင် (မြောက်ရွာ)မှ ဒေသခံ မမြင့်မြင့်အေးက မဇ္စျိမအား ပြောသည်။

၎င်းက “ရွာထဲကို ကားနဲ့ဝင်လာတာကို ရွာသားတွေက တားဖို့ အချိန်မရလိုက်ဘူး။ တဖက်လှည့်နဲ့ လိပ်ခွံတောင် သပိတ်စခန်းကို သွားမယ်လို့ ပြောတာ အဲတော့ ရွာထဲကို ကားတွေ ၀င်လာလို့ရတာပေါ့။ ရွာထဲ ၀င်တဲ့အခါ ရွာသူရွာသားတွေက ဆန္ဒပြကြတယ်” ဟုပြောသည်။

မိုးကြိုးပြင် (မြောက်ရွာ)မှ ဆန္ဒပြမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းသည် ညနေ သုံးနာရီခွဲ အချိန်ခန့်တွင် ရွာထဲမှ ပြန်လည် ထွက်ခွာသွားသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

မမြင့်မြင့်အေးက “ကျွန်မတို့ လိုချင်တာက လက်ပံတောင်းတောင် ရပ်ဆိုင်းတာပဲ လိုချင်တယ်။ ရေ၊ မီး အလုပ်လဲ မလိုဘူး။ နောက်ပြီးတော့ မီးလောင်ဗုံးမှန်း သိရက်နဲ့ မီးခိုးဗုံးလို့ ပြောတာကို ဖြေရှင်းချက် ထုတ်တော့ သူတို့က အပြောမခံဘူး။ အခုတော့ ရွာသူရွာသားတွေကတော့ လုံးဝ လက်မခံဘူး။ သူ့ကိုလဲ မလိုလားတော့ဘူး” ဟုပြောသည်။

ဆည်တဲကျေးရွာနှင့် မိုးကြိုးပြင်ရွာမှာ သုံးမိုင်ခန့်ဝေးပြီး မိုးကြိုးပြင် (အလယ်ရွာ) ကိုသွားခဲ့သော်လည်း အလယ်ရွာမှ လက်မခံသဖြင့် ၀မ်ပေါင်ကုမ္ပဏီသို့ ဆက်သွားမည်ဟု မမြင့်မြင့်အေးက ပြောသည်။

ယခုနောက်ဆုံးရသည့် သတင်းအရ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ၀မ်ပေါင်ကုမ္ပဏီတွင် ခတ္တရပ်နားကာ ထိုမှ တဆင့် မုံရွာသို့ ညနေ လေးနာရီခန့်တွင် ပြန်လည် ထွက်ခွာသွားသည်ဟု ဒေသခံများက မဇ္စျိမသို့ ပြောသည်။