ဥရောပ သမဂ္ဂ EU မှ ၁၅ ဦး ပါဝင်သော သံတမန်များ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ အင်္ဂါနေ့က ရောက်ရှိလာပြီး စစ်ပြေးဒုက္ခသည်စခန်းများသို့ ယနေ့ သွားရောက်လေ့လာခဲ့သည်ဟု စခန်းတာဝန်ရှိ တဦးက ပြောသည်။
နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် နှစ်ခြင်းအသင်းတော်မှ ဖွင့်လှစ်ထားသော စစ်ပြေး ဒုက္ခသည်စခန်းသို့ EU သံသမန်များ သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပြီး စခန်းအတွင်း အသေးစိတ်လေ့လာကြည့်ရှုခဲ့သည်ဟု စခန်းတာဝန်ခံ သင်းထောက်ဆရာ ဦးတန်ဂွန်း က ပြောသည်။
“သူတို့က စစ်ပြေးဒုက္ခသည်တွေ ဘယ်လိုလုပ် ဒီကိုရောက်လာတယ်။ ကျေးရွာတွေမှာ မီးရှို့ဖျက်ဆီးမှုတွေ ရှိလား။ စခန်းမှာနေရတဲ့ လူတွေ ဘယ်လို ခံစားရတယ်။ တဲတွေမှာ အသေးစိတ်ကြည့်ရှုတယ်။ ထဲထဲဝင်ဝင် လာကြည့်သွား တယ်” ဟု မဇ္စျိမကို ပြောသည်။
တပ်ကုန်းဒုက္ခသည် စခန်းတွင် ဒုက္ခသည်ပေါင်း ၂၆၀ ကျော်ရှိပြီး ဆန်နှင့် ကုလားပဲ ပုံမှန်ရရှိသော်လည်း အာဟာရဖြစ်စေမည့် အခြား အစားအစာ မရသည့် အခက်အခဲနှင့် ကြံုတွေ့နေရသည်ဟု ဆိုသည်။
“ခုလို လာအားပေးတာ အရမ်းအားရှိတယ်။ ဥရောပနိုင်ငံတွေ အများကြီးက သံသမန်တွေ လာရောက်လို့ ကျနော်တို့ ဘက်က အားရတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေးကို ရဖို့ မျှော်လင့်တယ်။ သူတို့ လာရောက်တဲ့အတွက် အရမ်း အကျိုးရှိတယ်။ ကောင်းတဲ့အလားလာပါပဲ” ဟု ဆရာ ဦးတန်ဂွန်း က ပြောသည်။
EU ကိုယ်စားလှယ်များသည် ညနေပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ဒုက္ခသည် စခန်းများနှင့် အခြားဒုက္ခသည်စခန်းများသို့လည်း သွားရောက်လေ့လာမည် ဖြစ်ကြောင်း သူက ဆိုသည်။
မတ်လ ၁၂ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့မှ ရိုမင်ကက်သလစ် အသင်းတော်မှ ဆရာတော်ရုံးတွင် မြစ်ကြီးနား ဆရာတော် ဖရန်စစ် အပါအဝင် ဘုန်းတော်ကြီးများနှင့် EU ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့သည်ဟု ဆရာတော်ရုံးမှ အထွေထွေအတွင်းရေးမှူး ဘုန်းတော်ကြီး ရုံဝါ က ပြောသည်။
“သူတို့ EU ဘက်ကတော့ မေးခွန်းတွေ မေးတယ်။ ဒီကအခြေအနေ ဘယ်လိုရှိလဲ။ လမ်းခရီး သွားရေးလာရေး ဘယ်လိုရှိလဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လို မြင်လဲ။ ဘယ်လို ဖြစ်နေလဲ။ လူ့အခွင့်အရေး ချိုးဖောက်မှု ရှိလား စသဖြင့် မေးတယ်။ စစ်ပြေး ဒုက္ခသည်အကြောင်းတွေ မေးတယ်။ ဖာသာတို့ဘက်ကတော့ အခုဆို ပိုဆိုးလာတယ်။ ပိုခက်ခဲလာတယ်။ ကြာလည်း ကြာပြီဆိုတော့ အဲဒါကြောင့် ဆက်ပြီး ကူညီပေးသွားနိုင်ရင် ကောင်းတယ်လို့ တောင်းဆိုတယ်” ဟု မဇ္စျိမကို ပြောသည်။
EU သံသမန်များ ကိုယ်တိုင် ယခုကဲ့သို့ လာရောက်ခြင်းအားဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် များစွာ အကျိုးရှိလမ့်မည်ဟု ယုံကြည်ကြောင်း ဘုန်းတော်ကြီး ရုံဝါက ပြောသည်။
“ခုလို အခက်အခဲ ရှိနေတဲ့အချိန်မှာ ကျနော်တို့ကြီးပဲ ကြိတ်ပြီး ကြိုးစားနေမယ့်အစား ပတ်ဝန်းကျင်က၊ အထူးသဖြင့် ဒီလိုမျိုး နိုင်ငံတကာကနေပြီးမှ ကိုယ်တိုင်ကိုယ်ကျ လာကြည့်တယ်။ နောက် ငြိမ်းချမ်းရေး ရလာအောင်လည်းပဲ သူတို့ ဘက်ကနေ ဖာသာ သိသလောက်တော့ သူတို့ နေပြည်တော်မှာလည်း တွေ့ဖို့ ရှိတယ်လို့ပြောတယ်။ ကောင်းမှာပါ။ အကျိုးရှိမှာပါ” ဟု သူက ဆက်ပြောသည်။
အလားတူ ကချင် နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင်များနှင့် အခြားဘာသာရေး ခေါင်းဆောင်များ
နှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။
သံသမန်များသည် ပြည်နယ် ဝန်ကြီးချုပ် ရွှေလီဆွေးနွေးပွဲမှ ပြန်ရောက်လာခြင်း မရှိသေးသဖြင့် ပြည်နယ် အစိုးရအဖွဲ့နှင့် သီးခြားတွေ့ဆုံခြင်း မရှိသော်လည်း သံသမန်များ၏ ယမန်နေ့ ညစာစားပွဲကို တည်ခင်းကျွေးမွေး ခဲ့သည်ဟု ပြည်နယ် လူမှုဝန်ကြီး ဒေါ်ဘောက်ဂျာ က မဇ္စျိမကို ပြောသည်။
အဆိုပါ EU ကိုယ်စားလှယ်များ ယနေ့ ညနေတွင် မြစ်ကြီးနားမြို့မှ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။