မကြာမှီကျင်းပမည့် ကေအိုင်အေ နှင့် အစိုးရ ဆွေးနွေးပွဲ၌ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့တို့ အသိသက်သေအနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်းခံရကြောင်း နီးစပ်သည့်အသိုင်း အဝိုင်းကပြောသည်။
“ကျနော် ကြားထားတာက ဝ တပ်ဖွဲ့ မိုင်းလားတပ်ဖွဲ့ အပြင် အရင်တုန်းက တွေ့ဆုံပွဲမှာ အသိသက်သေ အနေနဲ့ တက်ရောက်ဖူးတဲ့ RCSS/SSA က ကိုယ်စားလှယ်လဲ ထပ်မံတက်ရောက်မယ်လို့ကြားသိရတယ်” - ဟု ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်လှုပ်ရှားသူ ပုဂ္ဂိုလ်တဦးကပြောသည်။
မတ်လ တတိယပတ်အတွင်း ရွှေလီမြို့မှာ ထပ်မံတွေ့ဆုံမည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီတို့ တွေ့ဆုံပွဲအား အသိသက်သေအနေဖြင့်တက်ရောက်ရန် - UNFC အဖွဲ့ဝင်များမှ တာဝန်ရှိသူများအပြင် RCSS/ SSA သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်စိုင်းလူး နှင့် ဗိုလ်မှူးစိုင်းဦး၊ အမျိုးသားဒီမို ကရက်တစ် မဟာမိတ်တပ်မတော် - သျှမ်းပြည်အရှေ့ပိုင်း (မိုင်းလားတပ်ဖွဲ့) NDAA-ESS အထွေထွေ အတွင်းရေးမှူး စဝ်ဆိုင်လား၊ စဝ်ခမ်းမောင်၊ ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မ တော် UWSP/UWSA မှ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံးတန်း နှင့် ပြောရေးဆိုခွင့်ရှိသူ လီကျူးလျဲ့ခေါ် ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု သိရသည်။
“ကျနော်တို့ ကို ကေအိုင်အေက ဖိတ်လာတာပါ။ သွားမှာက သုံးယောက်စီစဉ်ထားတယ်။ ဒုစစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနဲ့ ပြောရေးဆိုခွင့် ဦးအောင်မြင့် နဲ့နောက်တယောက်သွားမယ်။ အသိသက်သေအနေနဲ့ ပဲ သွားတက်ရောက်မှာပါ”- ဟု တရုတ်နယ်စပ်မှ နီးစပ်သူတဦးကပြောသည်။
အစိုးရဘက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း ဦးဆောင်၍ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် နှင့် ကချင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်တို့လည်း တက်ရောက် မည်ဟု သိရသည်။
ကေအိုင်အို/ကေအိုင်အေ နှင့် အစိုးရတပ်တို့ ၂၀၁၁ ခုနှစ် ဂျွန်လ ၉ ရက်နေ့မှ စ၍ ၂၀၁၃ နှစ်ဦးပိုင်းအထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ ကေအိုင်အေဌာနချုပ်အနီး အရေးပါသည့် တပ်စခန်းများအား အစိုးရတပ်က တိုက်ခိုက်သိမ်း ပိုက်ခဲ့သည်။ ထိုနောက် တိုက်ပွဲ အရှိန်လျှော့ကာ ဖေဖေါ်ဝါရီ လ ၄ ရက်နေ့က တရုတ်အစိုးရ အကူအညီ ဖြင့် မူစယ်မြို့ တဘက်ခြမ်း တရုတ်နိုင်ငံ ရွှေလီမြို့၌ နှစ်ဘက်တွေ့ဆုံဆွေးနွေးခဲ့ကြ၏။
ထိုဆွေးနွေးပွဲ၌ ငြိမ်းချမ်းရေးအတွက် လက်တွဲကာ ဆက်လက်အကောင်အထည် ဖေါ်သွားဖို့သဘောတူခဲ့ကြ သည့်နောက်ပိုင်း ယခုတဖန်ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။