မဲကသာတောအတွင်း ဌေးကုမ္ပဏီ သစ်ထုတ်ခွင့် အပိတ်ခံရပြီး

မဲကသာတောအတွင်း ဌေးကုမ္ပဏီ သစ်ထုတ်ခွင့် အပိတ်ခံရပြီး
ခရိုင်အောက်ခြေအရာရှိများနှင့် သဘောတူချက်ယူပြီး မဲကသာတော လော်ဘာချောင်းဖျား၌ သစ်ထုတ်လျှက်ရှိသော ဌေးမိသားစု ကုမ္ပဏီလီမီတက်အား သစ်ဆက်လက်လှဲဖြတ်ခြင်းမပြုရန် ဒူပလာယာခရိုင် (ကော့ကရိတ်ခရိုင်) အထက်အရာရှိများမှ တားမြစ်လိုက်ပြီ ...

ခရိုင်အောက်ခြေအရာရှိများနှင့် သဘောတူချက်ယူပြီး မဲကသာတော လော်ဘာချောင်းဖျား၌ သစ်ထုတ်လျှက်ရှိသော ဌေးမိသားစု ကုမ္ပဏီလီမီတက်အား သစ်ဆက်လက်လှဲဖြတ်ခြင်းမပြုရန် ဒူပလာယာခရိုင် (ကော့ကရိတ်ခရိုင်) အထက်အရာရှိများမှ တားမြစ်လိုက်ပြီ ဖြစ်သည်။

ဒူပလာယာခရိုင် အတွင်းရေးမှုး စောလစ္စတန်၏ ပြောပြချက်အရ မဲကသာတောအတွင်း ဌေးကုမ္ပဏီသစ်ထုတ်လုပ်ခြင်းကြောင့် ဒေသခံပြည်သူများ မိမိတို့၏ ဘိုးဘွားလက်ထက်မှစ၍ ထိန်းသိမ်းခဲ့သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးရသည့်အကြောင်းကို ခရိုင်ရုံးသို့ စာရေးသားအကြောင်းကြားခဲ့ကြောင်း၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၌ ပြုလုပ်သော မဲကသာသစ်တောအစည်းအဝေးမှ ၄င်းကိစ္စကို ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ပြောသည်။

“ဒေသခံတွေ ပြောတာကတော့ ကျနော်တို့ ဒီတောကို ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်းလာခဲ့တယ်။ လူကြီးမင်းတို့က လူထုနဲ့ ပိုက်ဆံထုတ်ကို လဲလိုက်ပြီလား။ နောင်ဆို ကျနော်တို့ ထမင်းထုပ်ကို လူကြီးမင်းတို့ မစားကြတော့ဘူးလားလို့ ပြောတယ်” ဟု ခရိုင်အတွင်းရေးမှုးက ရှင်းပြသည်။

နို့တကောခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၂၀) ကျော်မှ လူထုကိုယ်စားလှယ်များမှ ခရိုင်အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးသို့ အထက်ပါအကြောင်းကို တင်ပြခဲ့ပြီး မဲကသာသစ်တောအစည်းအဝေးမှ ယခုကဲ့သို့ သစ်ထုတ်လုပ်ခွင့် တားမြစ်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မဲကသာ တားမြစ်ဘေးမဲ့ကြိုးဝိုင်းတောအတွင်း ဌေးမိသားစုကုမ္ပဏီလီမီတက်မှ သစ်ထုတ်လုပ်ခွင့်ရရှိရန်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ဒူပလာယာခရိုင် နို့တကောမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) အုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်း (၁၇)၊ ခရိုင်သစ်တောရုံးအုပ်တို့နှင့် ၂၀၀၈ ခုနှစ် နှစ်လယ်ပိုင်း၌ သဘောတူချက်ရရှိထားပြီး ပျဉ်းကတိုးသစ် တန် ၃၀၀၀ ထုတ်လုပ်ရန် စပေါ်ငွေ ကျပ်သိန်း (၅၀) ပေးဆောင်ထားသည်ဟု KNU အသိုင်းအဝိုင်းမှလာသော သတင်းက ဆိုသည်။

၄င်းကိစ္စနှင့်ပတ်သက်၍ KNU လက်အောက်ရှိ ဒူပလာယာခရိုင် သစ်တောရုံးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၄င်းကိစ္စကို မိမိတို့ပြောကြားခွင့်မရှိကြောင်း ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာလမှစ၍ ၄င်းကုမ္ပဏီမှ သစ်ဖြတ်စက် (၁၀) လုံးကျော်နှင့် မဲကသာကြိုးဝိုင်းတောအတွင်းရှိ သစ်များကို စတင်ဖြတ်လှဲခဲ့ပြီး ဒီဇင်ဘာလကုန်၌ သစ်တန်ချိန် (၂၅၀၀) ခန့်ကို ဖြတ်လှဲပြီးစီးပြီဖြစ်ကြောင်း ၄င်းကုမ္ပဏီမှ သစ်လုပ်သားတစ်ဦးက ပြောသည်။

KNU နှင့် နီးစပ်သောသတင်းအရ ဌေးကုမ္ပဏီသည် ဒီဇင်ဘာလကုန်မှစ၍ သစ်ဆက်လက်လှဲဖြတ်ခြင်းမပြုရန် တားမြစ်ခံရပြီး လှဲဖြတ်ပြီးသော သစ်များကို ၂၀၀၉ ခုနှစ် မေလအတွင်း မဲကသာတောမှ အပြီးပြတ် သယ်ထုတ်ရမည်ဖြစ်သည်။

KNU မှ သစ်ဆက်လက်လှဲဖြတ်ရန် တားမြစ်ခြင်းနှင့် ပတ်သက်၍ ဌေးကုမ္ပဏီ အကျိုးဆောင်ကိုယ်စားလှယ်တစ်ဦးအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၄င်းက KNU မှ တားမြစ်ခြင်းမဟုတ်ကြောင်း၊ ဌေးကုမ္ပဏီမှ သစ်လှဲဖြတ်ခြင်းလုပ်ငန်း ပြီးစီးပြီးဖြစ်၍ ရပ်နားထားခြင်းသာဖြစ်ကြောင်း၊ ဖြတ်လှဲပြီးသော သစ်များကို သယ်ထုတ်နိုင်ရန်အတွက် လုံးပမ်းနေရကြောင်း ပြောသည်။

ဌေးကုမ္ပဏီသည် ဒူပလာယာခရိုင် ဝင်းရေးမြို့နယ် (ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲ) အနန်းကွင်းဒေသ၌ သစ်ထုတ်ရန်အတွက် စစ်အစိုးရ အာဏာပိုင်များထံမှ သစ်ထုတ်ခွင့် ရရှိထားပြီး ၄င်းအနန်းကွင်းဒေသ၌ သစ်ရှားပါးမှုကြောင့် KNU ထိန်းချုပ်ဒေသဖြစ်သော မဲကသာကြိုးဝိုင်းတောအတွင်းရှိ သစ်များကို ခရိုင်အောက်ခြေအရာရှိအချို့နှင့် သဘောတူချက်ယူပြီး ထုတ်လုပ်ခဲ့သည်။

၄င်းပြင် မဲကသာတောမှ သစ်များကို ပြည်တွင်းသို့ သယ်ထုတ်မည်ဆိုပါက မဲကသာ၊ ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွ၊ မုဒုံလမ်းကို အသုံးပြုနိုင်ပါလျှက် ၄င်းလမ်းကို အသုံးမပြုပဲ မဲကသာ၊ တောင်ဝိုင်း၊ အနန်းကွင်း၊ ဝင်းဖနုံရေလှောင်တမံ (အဘစ်)၊ မုဒုံလမ်းကို ကွေ့ပတ်၍ လမ်းသစ်ဖောက်လုပ်ခြင်းမှာ စစ်အစိုးရထံမှ တရားဝင်ရရှိထားသော သစ်ထုတ်လုပ်ခွင့်ကို ပြသလိုခြင်းဖြစ်သည်ဟု KNU အသိုင်းအဝိုင်းမှလာသော သတင်းကဆိုသည်။

ယခုအချိန်၌ လမ်းဖောက်လုပ်ပြီးစီးပြီဖြစ်၍ ဖေဖော်ဝါရီလဆန်းပိုင်း၌ ဖြတ်လှဲပြီးသောသစ်များကို သယ်ထုတ်ရန် ရည်ရွယ်ထားသော်လည်း ဌေးကုမ္ပဏီမှ ကားများအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ လုံခြံုရေး မပေးနိုင်သောကြောင့် ရန့်တန့်ထားရကြောင်း ဌေးကုမ္ပဏီမှ သစ်များကို မဲကသာတောမှ ဝင်းဖနုံရေလှောင်တမံ (အဘစ်ကျေးရွာ) လမ်းဝသို့ အငှားတိုက်ပို့ဆောင်ပေးမည့် ကားပိုင်ရှင်တစ်ဦးက ပြောသည်။

ယခုမဲကသာ သစ်ထုတ်လုပ်ငန်း၌ ထင်ရှားသော ဌေးကုမ္ပဏီမှာ ယခုတပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်၊ ယခင် ရန်ကုန်တိုင်း တိုင်းမှုး ဗိုလ်ချုပ်လှဌေးဝင်း ပိုင်ဆိုင်သော ကုမ္ပဏီဖြစ်ပြီး ဦးတေဇပိုင် ထူးကုမ္ပဏီနှင့် ပူပေါင်း၍ ထုတ်လုပ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) အသိုင်အဝိုင်းမှ လာသော သတင်းများက ဆိုသည်။

Most read this week